Delta News Agency က ဦးစီးထုတ်ဝေနေတဲ့ နွေဦးပွင့်သစ်မဂ္ဂဇင်း အမှတ် (၈) မှာ ဖေါ်ပြထားတဲ့ ဆရာ မလရ ရဲ့ “ရမ်းခါနေတဲ့ အလံ” ကဗျာကို ဖော်ပြပေးလိုက်ပါတယ်။
ရမ်းခါနေတဲ့ အလံ
တိုက်လေက ကြမ်းတော့ အလံက တရွှမ်းရွှမ်း မြည်တယ်
မြဲမြဲကိုင်ထားတဲ့ လက်ထဲမှာတောင် အလံဟာ တရမ်းရမ်းနဲ့
ရဲရဲကိုင်ထားမှပေါ့လို့ ကိုယ့်ကိုယ်ကိုယ် ရဲဆေးတင်ရတယ်
အလံကို မြင်ရင်တော့ ရန်သူဟာ ပစ်ချမှာပဲ
တစ်ယောက် လဲသွားရင် တစ်ယောက်က ဝင်ထူရမယ်
အလံထူထားရမှာ။ ဘယ်လောက်ကြာကြာ
ဘယ်လောက် နာနာ နာလန်ထူရမယ်လို့ တစ်ယောက်က ပြောတယ်
လက်သုံးချောင်းဟာ ငါတို့ရဲ့ အလံပဲလို့ အတူတူထူခဲ့တဲ့ အချိန်တွေ
အခုတော့ ကျသွားတဲ့ သူဟာ ကြယ်ဖြစ်သွားတာပဲ
ကြယ်တွေဟာ ငါတို့ရဲ့ အလံတွေပဲလို့လည်း တွေးမိတယ်
ကြယ်တွေ ဝင့်နေလည်း အလံတော့ လွှင့်ရမှာပဲလို့
ကဗျာရဲ့အသံမှာ အလံဟာ လွင့်နေမှာလား
မြူဆိုင်းထားပြီး လူတိုင်းမကြားရင်တော့ အလံဟာ အလုပ်မဖြစ်ဘူးတဲ့
ကဗျာဟာ အလံကို ဆုပ်ထားတုန်းပဲ
ငုပ်ချည်ပေါ်ချည်ပဲ
တရွှမ်းရွှမ်းမြည်တယ် တရမ်းရမ်းချီတယ်
အောင်ပန်းဝေမယ့် တောင်တန်းတွေအပေါ်ရောက်မှ
ခိုင်ခိုင်မတ်မတ်နဲ့ တဖျတ်ဖျတ် လွင့်ပါစေ။
ဇူလိုင် ၁၅၊ ၂၀၂၂