အင်းစိန်၊ ပိန္နဲကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူး အသတ်ခံရ

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ပိန္နဲကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူး မျိုးညွန့်အောင်ကို ဒီကနေ့ မွန်းတည့် ၁၂ နာရီမှာ လက်နက်ကိုင်ထားသူတွေက သေနတ်နဲ့ လာပစ်တဲ့အတွက် သေဆုံးသွားပြီလို့ ဒေသခံတွေက DNAကို ပြောပါတယ်။
“သေနတ်နဲ့လေးချက်ပစ်သွားတာ။ရွာသစ် ၄လမ်းထဲမှာ။သေသွားပါပြီ။သူ့အိမ်ရှေ့မှာပဲအပစ်ခံရတာ”လို့ ဆိုပါတယ်။
အုပ်ချုပ်ရေးမှူး မျိုးညွန့်အောင်ဟာ အပြင်က ပြန်လာပြီး အိမ်ရှေ့မှာ ထိုင်နေချိန် အခုလို ပစ်ခတ်ခံခဲ့ရတာလို့ သိရပါတယ်။အခုလို ပစ်ခတ်ခဲ့တာကို Yangon Liberation Force က လုပ်ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ် ။ သေနတ်နဲ့ ၆ ချက်ပစ်ခဲ့တယ် ၊ နေအိမ်ပေါ်တက်ပြေးတဲ့အတွက် နေအိမ်ပေါ်အထိ လိုက်လံ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။
မျိုးညွန့်အောင်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ကိုဂျင်မီရဲ့ မိခင် နဲ့ အစ်မဖြစ်သူတို့ နေအိမ်အရှေ့မှာ လူအုပ်နဲ့ ဆဲဆိုခဲ့ရာမှာ ပါဝင်ခဲ့ပြီး ၊ ဆန္ဒပြလူငယ်တွေရဲ့ သတင်းကို စစ်တပ်ဆီပေးပို့တာ ၊ တော်လှန်ရေး ရဲဘော်တွေနေထိုင်ရာတွေကို သတင်း ဖေါ်ထုတ်ဖမ်းဆီးရာမှာ ပါဝင်ခဲ့တာတွေကြောင့် အခုလို ရှင်းလင်းခဲ့တယ်လို့လည်း Yangon Liberation Force အဖွဲ့က ထုတ်ပြန်ထားပါတယ်။
ရန်ကုန်မြို့မှာ ဩဂုတ်လ ၃ ရက်နေ့က မြို့နယ်အချို့မှာ ပေါက်ကွဲမှု နဲ့ ပစ်ခတ်မှုတွေ ထွက်ပေါ်ခဲ့သလို အကြမ်းဖက်စစ်တပ်ရဲ့ ထောက်တိုင်တွေ ဖြစ်တဲ့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေလည်း ပစ်ခတ်ခံလာရတာတွေ ရှိနေပါတယ်။
မင်္ဂလာဒုံမြို့နယ်မှာ အုပ်ချုပ်ရေးမှူး လင်မယားနှစ်ယောက်လုံး သတ်ဖြတ်ခံခဲ့ရသလို ၊ သာကေတမြို့နယ် ၆ ရပ်ကွက် ၊ ဝေဇယန္တာ(၁၅)လမ်းထိပ်မှာ ဆယ်အိမ်မှူး ညီညီလွင်လည်း သေနတ်နဲ့ အပစ်ခံခဲ့ရပါတယ်။