စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့မှာ ကလေးမြို့နယ်ပင်မသပိတ်စစ်ကြောင်းဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး ရက်ပေါင်း ၅၂၀ မြောက်အနေနဲ့ ဒီကနေ့မှာ ဆန္ဒပြခဲ့ပါတယ်။
သပိတ်မှောက်ဆန္ဒပြမှုကို မြို့တွင်းတစ်နေရာမှာ ဒီကနေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့တာဖြစ်တယ်လို့ သပိတ်ခေါင်းဆောင်တစ်ဦးကပြောပါတယ်။
“၅၂၀ ရက်မြောက် ပင်မသပိတ်စစ်ကြောင်းကို မြို့တွင်းတစ်နေရာမှာ မွန်းလွဲပိုင်းကပြုလုပ်ခဲ့တာပါ။သပိတ်စစ်ကြောင်းဆန္ဒထုတ်ဖော်တဲ့ ရပ်ကွက်နေရာကိုသိရင် စစ်ကောင်စီက ရပ်ကွက်သူရပ်ကွက်သားတွေကို ဒုက္ခပေးမှာစိုးတာကြောင့် လုံခြုံရေးအရ မပြောနိုင်တာပါ။”လို့ သူက ပြောပါတယ်။
အာဏာရှင်ဆန့်ကျင်ရေးသပိတ်ကို ” အနာဂါတ်မှာ ပြည်သူပါ အာဏာရူးနဲ့ စစ်ကျွန်မပါ”စတဲ့ စာတန်းကို ကိုင်စွဲကာ သပိတ်မှောက်ဆန္ဒထုတ် ဖော်ခဲ့ပြီး အခုလို ၅၂၀ရက်မြောက် ဆန္ဒထုတ်ဖော်တာဟာ ကလေးမြို့တောင်ပိုင်းမှာတိုက်ပွဲဝင်နေတဲ့ ဒေသခံ PDFတွေနဲ့ တသားတည်း တိုက်ပွဲဝင်နေတာဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။
ဒီကနေ့ ဇူလိုင် ၁၂ ရက်နေ့မှာ ကလေးမြို့အတွင်းမှာ အကြမ်းဖက်စစ်တပ်က ရှောင်တခင်စစ်ဆေးတာတွေအပြင်အိမ်စီးကားတွေနဲ့ မြို့ထဲကိုကင်းလှည့်နေတဲ့ကြားက ကလေးမြို့ပင်မသပိတ်စစ် ကြောင်းဟာ ရက် ၅၂၀ မြောက် စစ်အာဏာရှင်ကို ဆန့်ကျင့်ရေးလှုပ်ရှားမှုကို လုပ်ဆောင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။