မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ကြိုးပမ်းမှုဟာ လုံလောက်မှု မရှိဘူးလို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews က ပြောကြားလိုက်ပါတယ်။
ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမှာ ကျင်းပတဲ့ အကြိမ် ၅၀ မြောက် လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews က အဲဒီလိုပြောဆိုလိုက်တာလို့ VOA က ဖော်ပြပါတယ်။
လုံခြုံရေး ကောင်စီက မြန်မာ့အရေး ဆုံးဖြတ်ချက် တရပ်ကို ချမျတ်မလားဆိုတာ မြန်မာ ပြည်သူတွေက မျှော်လင့်နေကြဆဲဖြစ်တယ်လို့ ဆိုပါတယ်။
ကုလအဖွဲ့ဝင် နိုင်ငံတချို့ဟာ မြန်မာစစ်အုပ်စုအပေါ် ဒဏ်ခတ်ပိတ်ဆို့ဖို့ ပျက်ကွက်နေကြဆဲဖြစ်သလို အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ဟာလည်း လက်ဆုပ်လက်ကိုင် ပြနိုင်တဲ့ ရလဒ်မျိုး မထုတ်နိုင်ဘူး လို့ သူကပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း သေဆုံး နဲ့ဒဏ်ရာရ ကလေးငယ် အနည်းဆုံး ၃၈၂ ဦး ရှိပြီး ကလေးငယ် ၁,၄၀၀ ဟာ ဥပဒေမဲ့ ဖမ်းဆီးခံထားရကြောင်းလည်း သူက ဆိုပါတယ်။
သေဆုံးသူ အရပ်သား ၂,၅၀၀ ကျော်၊ နိုင်ငံတွင်း အိုးအိမ်စွန့်ထွက်ပြေးရသူ တသန်းကျော်နဲ့ ဥပဒေမဲ့ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေး အကျဉ်းသား ၁၁,၀၀၀ ကျော် ရှိနေပြီး သေဒဏ် ချမှတ်ခံထားရသူတွေ အရေး စိုးရိမ်ဖွယ် ရှိနေတယ်လို့ သူက ပြောပါတယ်။