ရုရှား စစ်ဘက်နဲ့ ကာကွယ်ရေးစက်မှုအခြေစိုက်စခန်းကို ပံ့ပိုးကူညီခဲ့တယ်လို့ဆိုတဲ့ တရုတ်ကုမ္ပဏီ ၅ခုကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ဦးဆောင်တဲ့အစိုးရအဖွဲ့က ဇွန်လ ၂၈ရက်နေ့မှာ ကုန်သွယ်မှုဆိုင်ရာ အမည်ပျက်စာရင်းထဲ ထည့်သွင်းခဲ့ပါတယ်။
အဲဒီကုမ္ပဏီတွေဟာ ရုရှားမှာဒဏ်ခတ်ပိတ်ဆို့ထားတဲ့ အဖွဲ့အစည်းတွေကို ဆက်လက်ထောက်ပံ့ဖို့ စာချုပ်ချုပ်ဆိုထားတာပါ။ ဖေဖော်ဝါရီ ၂၄ ရက် ကျူးကျော်စစ် မတိုင်မီကတည်းက စိုးရိမ်ရတဲ့ ရုရှား အဖွဲ့အစည်းတွေဆီ ပစ္စည်းတွေထောက်ပံ့ပေးနေခဲ့တာလို့ သိရပါတယ်။
ဒီနေ့လုပ်ဆောင်ချက်ဟာ ရုရှားကို ထောက်ခံမယ်ဆိုရင် ထောက်ခံတဲ့သူတွေကို အမေရိကန်က အရေးယူပိတ်ဆို့မယ်ဆိုတာကို ကမ္ဘာတဝှမ်းမှာရှိတဲ့ အဖွဲ့အစည်းတွေနဲ့လူပုဂ္ဂိုလ်တွေဆီ ပေးပို့လိုက်တဲ့ အားကောင်းတဲ့ သတင်းစကား ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဝါရှင်တန်မှာရှိတဲ့တရုတ်သံရုံးကတော့ အဲဒီကုမ္ပဏီတွေအပေါ် စွပ်စွဲထားတာတွေနဲ့ပတ်သတ်ပြီး တစ်စုံတစ်ရာ တုံ့ပြန်ထားတာမရှိပေမယ့် ရုရှားနဲ့ယူကရိန်း ၂နိုင်ငံလုံးကို စစ်ရေးအကူအညီတွေ မပေးခဲ့ဘူးလို့ ဘေဂျင်းက ပြောဆိုထားပါတယ်။
အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဟာ တခြားနိုင်ငံပေါင်း ၃၁ နိုင်ငံကိုလည်း အမည်ပျက်စာရင်းထဲ ထည့်သွင်းခဲ့တာဖြစ်ပြီး အဲဒီထဲက ကုမ္ပဏီပေါင်း ၃၆ခုမှာ ၂၅ခုက တရုတ်နိုင်ငံမှာအခြေစိုက်ထားတယ်လို့ သိရပါတယ်။