နာဆာဟာ သိပ္ပံသုတေသနအတွက် သြစတြေးလျနိုင်ငံမြောက်ပိုင်းကနေ ဒုံးပျံသုံးစင်းကို ရက်သတ္တပတ်အတွင်း လွှတ်တင်မယ်လို့ အာဏာပိုင်တွေက ဇွန်လ ၈ ရက်နေ့မှာ ပြောပါတယ်။ ဒါဟာ နာဆာအနေနဲ့ အမေရိကန်ပြည်ထောင်စုအပြင်ဘက်မှာရှိတဲ့ စီးပွားရေးဆိုင်ရာ အဆောက်အအုံတစ်ခုကနေ ဒုံးပျံတွေကို ပထမဆုံးအကြိမ် လွှတ်တင်တာဖြစ်တယ်လို့ ဆိုပါတယ်။
သြစတြေးလျအစိုးရဟာ ပုဂ္ဂလိကပိုင် အန်ဟန်အာကာသစင်တာကနေ ဒုံးပျံလွှတ်တင်ဖို့အတွက် စည်းမျဉ်းစည်းကမ်းတွေကို ခွင့်ပြုပေးခဲ့တယ်လို့ ဝန်ကြီးချုပ် Anthony Albanese က ဒီနေ့ ဇွန်လ ၈ရက်နေ့မှာ ပြောပါတယ်။
“သြစတေးလျမှာ နာဆာက တိုက်ရိုက်ပါဝင်ပတ်သက်နေတယ်ဆိုတာဟာ သြစတြေးလျနိုင်ငံသား အားလုံးအတွက် ဂုဏ်ယူစရာဖြစ်သင့်တယ်” လို့ Albanese က ဆိုပါတယ်။
နာဆာရဲ့မစ်ရှင်က တောင်ပိုင်းကမ္ဘာခြမ်းကသာမြင်နိုင်တဲ့ နက္ခတ်ဗေဒနဲ့ ဂြိုဟ်ဆိုင်ရာ သိပ္ပံဖြစ်စဉ်တွေကို စုံစမ်းသွားမှာဖြစ်ပါတယ်။ ပထမဆုံး ဒုံးပျံကို ဇွန် ၂၆ ရက်မှာ လွှတ်တင်မှာဖြစ်ပြီး ကျန်ဒုံးပျံတွေကိုတော့ ဇူလိုင် ၄ ရက်နဲ့ ၁၂ ရက်တွေမှာ လွှတ်တင်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
အခမ်းအနားအတွက် နာဆာဝန်ထမ်း ၇၅ ဦး သြစတြေးလျကို ရောက်ရှိလာမှာဖြစ်ပြီး အဲဒီ လွှတ်တင်မှုဟာ ၁၉၉၅ ခုနှစ်နောက်ပိုင်း အမေရိကန် အာကာသအေဂျင်စီဖြစ်တဲ့နာဆာအဖွဲ့က သြစတြေးလျနိုင်ငံကနေ ပထမဆုံး လွှတ်တင်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
သြစတြေးလျအာကာသအေဂျင်စီက နှစ်နှစ်ကြာ အကဲဖြတ်ပြီးနောက် နာဆာကမ်ပိန်းအတွက် အန်ဟန် အာကာသစင်တာကို မကြာသေးမီက လွှတ်တင်ခွင့်လိုင်စင် ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။