ယူကရိန်းအတွက် ရန်ပုံငွေ ဒေါ်လာ ၁ ဒဿမ၄၉ ဘီလီယံကို ကမ္ဘာ့ဘဏ် အတည်ပြု

Photo – Reuters

အစိုးရနဲ့ လူမှုဝန်ထမ်းတွေကို လစာပေးဖို့ ယူကရိန်းအတွက် နောက်ထပ် ဘဏ္ဍာငွေ ဒေါ်လာ ၁ ဒဿမ ၄၉ ဘီလီယံကို ကမ္ဘာ့ဘဏ် အမှုဆောင် ဘုတ်အဖွဲ့က ဇွန်လ ၇ရက်နေ့မှာ အတည်ပြုလိုက်ပါတယ်။ ဒါဟာ ကမ္ဘာ့ဘဏ်အနေနဲ့ ယူကရိန်းအတွက် စုစုပေါင်း ထောက်ပံ့ငွေ ဒေါ်လာ ၄ ဘီလီယံကျော်အထိ တိုးချဲ့ထားတယ်လို့ သိရပါတယ်။

ဗြိတိန်၊ နယ်သာလန်၊ လစ်သူယေးနီးယားနဲ့ လတ်ဗီးယားနိုင်ငံတွေကနေ ငွေကြေးအာမခံချက်နဲ့ ရန်ပုံငွေကို နောက်ထပ်ပံ့ပိုးပေးထားတယ်လို့ ကမ္ဘာ့ဘဏ်က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။  အဲဒီပရောဂျက်ကို အီတလီနိုင်ငံ Multi-Donor Trust Fund  က ပံ့ပိုးတဲ့ ငွေကြေးတွေနဲ့ ထောက်ပံ့ကူညီတာဖြစ်တယ်လို့ ဆိုပါတယ်။

ရုရှားရဲ့ကျူးကျော်တိုက်ခိုက်မှုကြောင့် စစ်ပွဲတွေဖြစ်ပြီး စီးပွားရေးကျဆင်းချိန်မှာ အစိုးရလည်ပတ်မှုကို ဆက်လက်ထိန်းထားဖို့ တစ်လကို အနည်းဆုံး ဒေါ်လာ ၅ ဘီလီယံ လိုအပ်တယ်လို့ ယူကရိန်းက ပြောပါတယ်။

ကမ္ဘာ့ဘဏ်ဟာ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေး၊ လူမှုရေး၊ လျှပ်စစ်ဓာတ်အားနဲ့ ရေပေးဝေရေး၊ လမ်းပန်းဆက်သွယ်ရေးတွေကို ပံ့ပိုးဖို့အတွက် သူ့ရဲ့ငွေကြေးဆိုင်ရာ အစီအစဉ်တွေကို အလှူရှင်နိုင်ငံတွေနဲ့ လက်တွဲဆောင်ရွက်နေတာဖြစ်ပါတယ်။

“စစ်ပွဲကြောင့် ခံစားရတဲ့ ဒုက္ခတွေထက် ယူကရိန်းမှာ နေရေးထိုင်ရေးနဲ့ ဆင်းရဲမွဲတေမှုတွေ ထပ်ပြီး ယိုယွင်းလာတာကို တားဆီးနိုင်ဖို့ ထောက်ပံ့ကူညီရေးအစီအစဉ်တွေက မရှိမဖြစ်လိုအပ်ပါတယ်” လို့ အရှေ့ဥရောပနိုင်ငံ ကမ္ဘာ့ဘဏ်ဒါရိုက်တာ Arup Banerji က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

G-7 အဖွဲ့ရဲ့ ဘဏ္ဍာရေးခေါင်းဆောင်တွေက ရန်ပုံငွေအသစ်အဖြစ် ဒေါ်လာ ၉ ဒဿမ ၅ ဘီလီယံကို ပြီးခဲ့တဲ့လက ကတိပြုခဲ့ပြီး သူတို့ရဲ့ စစ်ဘက်မဟုတ်တဲ့ ပံ့ပိုးကူညီမှုတွေမှာ ဒေါ်လာ ၂၀ ဘီလီယံနီးပါးအထိ ရှိလာခဲ့တယ်လို့ သိရပါတယ်။