ထိုင်းနိုင်ငံတောင်ပိုင်း ခိုဒေါင်ကျွန်းမှာ လူပွဲစားက ပစ်သွားတဲ့ ရိုဟင်ဂျာ ၅၉ ဦးကို ထိုင်းရဲတပ်ဖွဲ့က တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
သူတို့ဟာ မလေးရှားသွားကြမယ့်သူတွေဖြစ်ပြီး ကလေး ၅ ဦးပါဝင်ပါတယ်။ သူတို့ဟာ ၃ ရက်ကျော်ကြာအစားအသောက်မစားရလို့ ဆာလောင်မွတ်သိပ်နေပုံရပြီး လူသားချင်း စာနာမှု အကူအညီတွေ ပေးထားတယ်လို့ ထိုင်းရဲတပ်ဖွဲ့ရဲအရာရှိချုပ်ကပြောကြောင်း မနေ့က AFP သတင်းမှာ ဖော်ပြပါတယ်။
သူတို့ဟာမလေးရှားသွားဖို့ အမေရိကန်ဒေါ်လာ ၁၃၀၀နဲ့ညီတဲ့ မလေးရှားရင်းဂစ်ငွေ ၅၀၀၀ စီ လူပွဲစားကို ပေးခဲ့ရပါတယ်။
မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာ ၁၇၂ ဦးတို့ဟာ စက်လှေ ၃ စီးနဲ့ ထွက်ခွာခဲ့ကြခြင်းဖြစ်ပြီး လူ ၁၁၉ ဦးပါတဲ့ ပထမစက်လှေနှစ်စီးကို မလေးရှားက ဖမ်းထားပြီးပြီလို့ ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
အခုထိုင်းမှာ အဖမ်းခံရတဲ့လူတွေကို လူပွဲစားက မလေးရှားရောက်ပြီလို့ဆိုကာ ခိုဒေါင်ကျွန်းမှာ ထားပစ်ခဲ့တာပါ။
သူတို့ဟာ တရားရုံးက စစ်ဆေးပြီးတဲ့အခါ တရားမဝင် ရောက်လာမှုနဲ့ အရေးယူခံရနိုင်ပြီး မြန်မာနိုင်ငံကိုလည်း ပြန်ပို့ခံရနိုင်ပါတယ်။