ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုနဲ့ ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်တဲ့ Western News က ဖော်ပြထားပါတယ်။
ဒီကနေ့ မေလ ၂၆ ရက်နေ့ မနက် ၁၀ နာရီခန့်က စတင်ကာ နှစ်ဖက်ပစ်ခတ်ခတ်သံတွေ ကြားနေရပြီး လက်နက်ကြီး ပစ်ခတ်သံတွေပါ ထွက်ပေါ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ဒီနေ့မနက် ၁၀ နာရီလောက်ကစပြီး နှစ်ဖက် ပစ်ခံသံတွေ ကြားနေရတာပါ။ တိုက်ပွဲဖြစ်တယ်လို့ ယူဆရပါတယ်။ လက်နက်ကြီးသံတွေရော့ လက်နက်ငယ်သံတွေပါ အဆက်မပြတ်ကြားနေရတယ်” လို့ ဒေသခံတစ်ဦးက Western News မှာ ဖြေကြားထားပါတယ်။
ပစ်ခတ်သံတွေ ထွက်ပေါ်နေတဲ့ ပလက်ဝမြို့နယ် အာဘောင်သားကျေးရွာအနီးမှာ ရက္ခိုင့်တပ်တော် တပ်စခန်းတွေ အခြေစိုက်ထားသလို စစ်အုပ်စုရဲ့ စစ်စခန်းတွေလဲ ရှိနေတယ်လို့ သိရပါတယ်။
တိုက်ပွဲဖြစ်ပွားမှု အခြေအနေနဲ့ ပက်သက်ပြီး ရက္ခိုင့်တပ်တော်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်လာတာတော့ မရှိသေးပါဘူး