ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်(ကရင်နီ) နယ်စပ်မှာရှိတဲ့ ဖယ်ခုံမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တစ်နေကုန်တိုက်ပွဲပြင်းထန်ခဲ့ကာ စစ်အုပ်စုက သေဆုံးသူများပြားခဲ့ပြီး ကျေးရွာ ၃ရွာကို မီးရှို့ဖျက်ဆီးနေတယ်လို့ ဖယ်ခုံတပ်ရင်း၂က သတင်းထုတ်ပြန်လာခဲ့ပါတယ်။
ဒီကနေ့ မေလ ၂၀ရက်နေ့ မနက် ၈နာရီလောက်က စတင်ကာ ဖယ်ခုံမြို့နယ် လွယ်ပေါ်ကျေးရွာ၊ နန့်ပေါ်လုံကျေးရွာ ၊နန်းဆွန့်ကျေးရွာတွေအနီးမှာ စစ်အုပ်စုနဲ့ ဖယ်ခုံတပ်ရင်း ၂၊ အလယ်ပိုင်းတိုင်း တိုက်ခိုက်ရေးအဖွဲ့၊ မိုးဗြဲ PDF၊ ကျွဲဂျိုတပ်ခွဲနဲ့၁၀၀၅ တပ်ရင်း ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။
စစ်အုပ်စုက သေဆုံးသူတွေ များပြားခဲ့သလို ဖယ်ခုံတပ်ရင်း ၂က ရဲဘော်တစ်ဦးကျဆုံးကာ ကျွဲဂျို တပ်ခွဲက တပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ညနေ ၆နာရီလောက်မှာတော့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ ပြန်လည်ဆုတ်ခွာခဲ့ပါတယ်။
အဲဒီနောက် စစ်အုပ်စုဟာ ညနေ ၆နာရီခွဲလောက်က စတင်ပြီး လွယ်ပေါကျေးရွာ၊ နန့်ပေါ်လုံကျေးရွာနဲ့ နန်းဆွန်ကျေးရွာကို အကြမ်းဖက်ဝင်ရောက်ကာ ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ ဖယ်ခုံတပ်ရင်း ၂ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။