စစ်အုပ်စုရဲ့ ရန်ကုန်တိုင်း စစ်ဌာနချုပ်ရှိရာ ရန်ကုန်မြို့ ၈မိုင်အနီးမှာ ဗုံးပေါက်ကွဲသံတွေနဲ့ ပစ်ခတ်သံတွေ ထွက်ပေါ်ခဲ့ပြီးနောက် လမ်းပိတ်ဆို့ စစ်ဆေးနေတယ်လို့ အနီးဝန်းကျင်ကို ရောက်ရှိနေသူတွေက ပြောပါတယ်။
ဒီကနေ့ မေလ ၂၀ရက်နေ့ မနက် ၈နာရီလောက်မှာ စစ်အုပ်စုရဲ့ ရန်ကုန်တိုင်း စစ်ဌာနချုပ်အနီးမှာ ဗုံးပေါက်ကွဲသံတွေ ထွက်ပေါ်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်သံတွေလည်း ထွက်ပေါ်လာခဲ့တာပါ။
“၈မိုင်တံတား ပိတ်ထားပြီးတော့ လမ်းတွေ ပိတ်နေလို့ ဘာဖြစ်တာလဲ မေးမှ တိုင်းစစ်ဌာနချုပ်ရုံးနားမှာ ဗုံးပေါက်ပြီး အပြန်အလှန်ပစ်တာလို့ ပြောတယ်၊ အဲ့နားမှာ ဖုန်းလိုင်းတွေတောင် ခဏပြတ်ကျသွားတယ်၊ ကြားလိုက်သူတွေကို မေးတော့မှ သေနတ်သံလဲ ၁၀ချက်လောက် ကြားရတယ်ပြောတယ်၊ ကျွန်တော်တို့ကတော့ ဟိုကောင်တွေနဲ့ မတွေ့ချင်လို့ အပေါ်လမ်းရတာနဲ့ ပြန်လှည့်ထွက်လာလိုက်တာ”လို့ Taxi ဆရာတစ်ဦးက ပြောပါတယ်။
ပစ်ခတ်သံတွေထွက်ပေါ်ခဲ့တာနဲ့ ပတ်သက်ပြီး သီးခြား အတည်ပြုနိုင်ဖို့အတွက် ကြိုးစားနေဆဲပဲဖြစ်ပါတယ်။