 Photo- Thar Kyi
Photo- Thar Kyi
 
ပြီးခဲ့တဲ့ တနှစ်ကျော်ကာလအတွင်း သတင်းသမား ၁၄၃ ဦးထက်မနည်း စစ်အုပ်စုက ဖမ်းဆီးခဲ့ပြီး သတင်း မီဒီယာ လုပ်ငန်း ၁၁ ခုကို လိုင်စင်ပိတ်သိမ်းခဲ့ကြောင်း ISP-Myanmar ကထုတ်ပြန်ပါတယ်။
 
မေလ ၃ ရက်နေ့၊ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့မတိုင်မီ မေ၂ရက်နေ့မှာ ISP-Myanmar ကထုတ်ပြန် ခဲ့တာပါ။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကနေ ဒီဇင်ဘာအထိ သတင်းသမား ၁၃၂ ဦး ဖမ်းဆီးခံခဲ့ရပြီးအဲဒီအထဲက သတင်းသမား ၂၇ ဦး ထောင်ဒဏ်ချမှတ်ခံခဲ့ရကာ ပစ်ခတ်မှုများကြောင့် တစ် ဦး နဲ့ စစ်ကြောရေးမှာ တစ် ဦး ကျဆုံးခဲ့ပါတယ်။
 
၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်ကနေ ဧပြီ ၂၁ ရက်အထိ သတင်းသမား ၁၁ ဦး ဖမ်းဆီးခံခဲ့ရပြီး တဦး ထောင်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။ သတင်းသမား တဦးမှာ စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ် တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသတွင်း ပစ်ခတ်ခံရမှုကြောင့် သေဆုံးခဲ့ပါတယ်။
 
ဒါ့အပြင် အကြမ်းဖက်စစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ကနေ ဧပြီလအထိ သတင်းမီဒီယာသမား ၃၄ ဦး ထက်မနည်းကို ဖမ်း၀ရမ်းထုတ်ခဲ့ပါသေးတယ်။
 
ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ သတင်းသမား ၁၄၃ ဦး ထဲက ၈၂ ဦး ပြန်လည်လွတ်မြောက်ခဲ့ပြီး ၅၈ ဦးမှာ ဒီနေ့အချိန်ထိ ဖမ်းဆီးထိန်းသိမ်းခံထားရကာ သေဆုံးသူ ၃ ဦးရှိခဲ့ပါတယ်။
 
အဲဒီ ၅၈ ဦးထဲက ၁၉ ဦးဟာ ထောင်ဒဏ်ချမှတ် ခံထားရပြီး ကျန် ၃၉ ဦး ထဲက အများစုဟာ အကျဉ်းထောင်တွေထဲမှာ ဖမ်းဆီးခံထားရတာ တနှစ်ကျော် ကြာမြင့်နေပြီဖြစ်ပါတယ်။
 
အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာလွတ်လပ်တဲ့ သတင်းမီဒီယာတွေကို စစ်အုပ်စုက ပြင်းပြင်းထန်ထန် ဖိနှိပ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ သတင်းမီဒီယာတိုက်တွေကို အကြမ်းဖက် ဝင်ရောက် စီးနင်းတာ၊ ဆန္ဒထုတ်ဖော်ပွဲတွေမှာ သတင်းယူနေတဲ့ သတင်းထောက်တွေကို ပစ်ခတ်ဖမ်းဆီးတာ၊ သတင်းထောက်တွေရဲ့ နေအိမ်တွေကို ဝင်ရောက်စီးနင်းဖမ်းဆီးတာတွေနဲ့ တရားစွဲဆိုတာတွေကို ပြုလုပ်ခဲ့တယ်လို့ ISP-Myanmar ကဆိုပါတယ်။
 
အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ သတင်းမီဒီယာသမားတွေကို ‘ဖမ်းဆီး ထောင်ချမှုအများဆုံး’ နိုင်ငံတနိုင်ငံ ဖြစ်လာတယ်လို့ သတင်းသမားများကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (CPJ) ရဲ့ ၂၀၂၁ ခုနှစ် ဇူလိုင်မှာ ထုတ်ပြန်ခဲ့တဲ့ အထူးနှစ်လယ် ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
 
နယ်စည်းမခြား သတင်းထောက်များအဖွဲ့က ထုတ်ပြန်တဲ့ သတင်းလွတ်လပ်ခွင့် ညွှန်းကိန်းအရ မြန်မာ့သတင်း လွတ်လပ်ခွင့်ညွှန်းကိန်းဟာ ၂၀၂၁ ခုနှစ်မှာ အဆင့် တဆင့် ကျဆင်းခဲ့ပါတယ်။ မြန်မာ့သတင်းမီဒီယာ လွတ်လပ်ခွင့်ဟာ စစ်အာဏာသိမ်းပြီးနောက် ဆယ်စုနှစ်တစုခန့် နောက်ပြန်ဆုတ်သွားတယ်လို့ နယ်စည်းမခြား သတင်းထောက်များ အဖွဲ့က ထုတ်ပြန်ထားပါတယ်။