စစ်အုပ်စုနဲ့ ပူးပေါင်းနေတဲ့ တွံတေးမြို့နယ် ကရင်ပြည်သူ့ပါတီဥက္ကဌ ရှင်းလင်းခံရ

အကြမ်းဖက်စစ်အုပ်စုနဲ့ ပူးပေါင်းပြီး ပျူစောထီးအဖွဲ့တွေ ဖွဲ့စည်းတာနဲ့ ကရင်အမျိုးသားတွေအကြား သွေးခွဲနေတဲ့ ရန်ကုန်တိုင်း တွံတေးမြို့နယ် ကရင်ပြည်သူ့ပါတီဥက္ကဌကို တွံတေး မြို့ပြပြောက်ကျားတပ်ဖွဲ့က ပစ်ခတ်ရှင်းလင်း ခဲ့တယ်လို့ သတင်းထုတ်ပြန်လာပါတယ်။
ဒီကနေ့ ဧပြီလ ၃၀ ရက်နေ့မှာ တွံတေးမြို့ စျေးသစ်ရပ်ကွက် မရမ်းကုန်း (၁) လမ်းမှာ နေထိုင်တဲ့ ကရင်ပြည်သူ့ပါတီဥက္ကဌဖြစ်သူ အယ်မူကြီးကို မြို့ပြပြောက်ကျားအဖွဲ့က ရှင်းလင်းခဲ့တာပါ။
အယ်မူကြီးဟာ စစ်အုပ်စုခန့် ဝန်ကြီးတွေဖြစ်တဲ့ စောထွန်းအောင်မြင့်အပြင် ကောင်စီဝင်တစ်ဦးဖြစ်တဲ့ မန်းငြိမ်းမောင်နဲ့လည်း ရင်းနှီးသူဖြစ်ပြီး တွံတေးမြို့နယ်အတွင်းမှာ ပျူစောထီးအဖွဲ့တွေ ဖွဲ့စည်းနိုင်ဖို့ DKBA၊ BGF တွေနဲ့ ပူးပေါင်းပြီး လက်နက်တပ်ဆင်ဖို့ စီစဉ်နေသူတစ်ဦးဖြစ်တယ်လို့ တွံတေးမြို့ပြပြောက်ကျားတပ်ဖွဲ့က ဆိုပါတယ်။
ဒါ့အပြင် အယ်မူကြီးဟာ လူငယ်တွေကို အကြောင်းမဲ့ ဖမ်းဆီးစေဖို့ စစ်အုပ်စုကို သတင်းပေးပို့တာ၊ အမှုပွဲစား လုပ်ဆောင်တာ၊ ကရင်စာပေနဲ့ ယာဉ်ကျေးမှုစာသင်ကျောင်း CDM ဆရာမတွေကို ခြိမ်းခြောက်ဖိအားပေးတာ အပြင် လူမျိုးရေးနဲ့ ဘာသာရေးကို အကြောင်းပြပြီး ကရင်တိုင်ရင်းသားတွေအကြား သွေးခွဲနေသူတစ်ဦးလည်း ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တွံတေးမြို့ပြပြောက်ကျားတပ်ဖွဲ့အနေနဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ ပူးပေါင်းနေသူတွေကို ဆက်လက်ရှင်းလင်း တိုက်ခိုက်သွားမယ်လို့လည်း ဆိုပါတယ်။