အာဖဂန်ဗလီတခုမှာ ဗုံးပေါက်ကွဲမှုကြောင့် လူ ၅၀ကျော်သေဆုံး

Photo – AP

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်က ဗလီတခုမှာ သောကြာနေ့ ဝတ်ပြုဆုတောင်းနေကြချိန် အပြင်းစားပေါက်ကွဲမှုတခုကြောင့် လူ ၅၀ကျော် သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ဧပြီလ ၂၉ရက်နေ့က ပေါက်ကွဲမှုဟာ Ramadan ဥပုဒ်ကာလအတွင်း အရပ်သားတွေကို ပစ်ခတ်ထားတိုက်ခိုက်နေတဲ့ ဖြစ်စဉ်တွေထဲက နောက်ဆုံးဖြစ်ရပ်တခုပါ။ 

သောကြာနေ့မွန်းလွဲပိုင်းမှာ ကဘူးလ်မြို့အနောက်ဘက်မှာရှိတဲ့  Khalifa Sahib ဗလီမှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး အဲဒီဗလီဟာ ဆွန်နီမွတ်စလင်တွေ ဘုရားဝတ်ပြုတက်ကြတဲ့နေရာလည်း ဖြစ်ပါတယ်။

ကနဦး စုံစမ်းစစ်ဆေးမှုအရ အသေခံဗုံးခွဲသမားတဦးဟာ သောကြာနေ့ဝတ်ပြုဆုတောင်းပွဲကို တက်ရောက်ခဲ့တာဖြစ်နိုင်တယ်လို့ ယူဆကြပါတယ်။ ပေါက်ကွဲမှုဖြစ်ပြီးနောက် မီးခိုးလုံးတွေနဲ့ လူသေအလောင်းတွေ နေရာတိုင်းမှာ ပြန့်ကျဲနေတယ်လို့ ဗလီအကြီးအကဲတဦးက ပြောပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံမှာ အခုသီတင်းပတ်  ဥပုဒ်ကာလအတွင်း အသေအပျောက်များတဲ့ ဗုံးခွဲတိုက်တိုက်မှုတွေ ဆက်တိုက်ဖြစ်ပေါ်နေတာပါ။ ပြီးခဲ့တဲ့သီတင်းပတ် သောကြာနေ့ကလည်း Kunduz မြို့က ဆွန်နီဗလီတခုမှာ ဝတ်ပြုဆုတောင်းနေချိန် ဗုံးခွဲတိုက်ခိုက်လို့ လူ ၃၃ဦးသေဆုံးခဲ့ပါတယ်။