မကွေးတိုင်း မြို့သစ်မြို့ ဖိုးကုန်းကျေးရွာမှာရှိတဲ့ ပျူစောထီးအဖွဲ့ဝင်ဆိုသူ အမျိုးသားတစ်ဦးကို ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်က ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သတင်းထုတ်ပြန်လာခဲ့ပါတယ်။
ဒီကနေ့ ဧပြီလ ၂၇ ရက်နေ့ မနက် ၇ နာရီခန့်လောက်က ဖိုးကုန်းကျေးရွာမှာ အကြမ်းဖက်စစ်အုပ်စုနဲ့ ပူးပေါင်းပြီး ပျူစောထီးတပ်ဖွဲ့ဝင်လို့ဆိုသူ ကိုအောင်ဘောကို သေနတ်နဲ့ ၅ ချက်ပစ်ခတ်ကာ ရှင်းလင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ရှင်းလင်းခံရသူ ကိုအောင်ဘောဟာ စစ်အုပ်စုရဲ့ ထောက်တိုင်သာမက ကျေးရွာပြည်သူတွေကို အနိုင်ကျင့်စော်ကားပြီး ခေါင်းပုံဖြတ်တာတွေ လုပ်ဆောင်နေသူတစ်ဦး ဖြစ်တယ်လို့ ဗိဿနိုး ပြည်သူ့ကာကွယ်ရေး တပ်မတော်က ဆိုပါတယ်။
ဗိဿနိုး ပြည်သူ့ကာကွယ်ရေး တပ်မတော်အနေနဲ့ အကြမ်းဖက်စစ်အုပ်စုကို အမြစ်ပြတ်သည်အထိ တိုက်ခိုက်သွားမှာဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ ပူးပေါင်းဆောင်ရွက်ပေးကြဖို့ကိုလည်း မေတ္တာရပ်ခံထားပါတယ်။