မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို တစ်နှစ်ကြာတဲ့အထိ အကောင်အထည်ဖော်နိုင်ခြင်းမရှိဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က ပြောကြားခဲ့ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို တာဝန်ယူဖြေရှင်းဖို့လည်း တိုက်တွန်းလိုက်ပါတယ်။
ဧပြီ ၂၂ ရက်နေ့မှာ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ဟောင်း Yanghee Lee ပါဝင်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) အဖွဲ့က ကြေညာချက်ထုတ်ပြန်ရာမှာ အဲဒီလိုဖော်ပြထားပါတယ်။
မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို ၂၀၂၁ ခုနှစ် ဧပြီ ၂၄ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပြီး အဲဒီဘုံသဘောတူညီချက် ၅ ရပ်ထဲမှာပါတဲ့ မြန်မာ့အရေး အာဆီယံအထူးကိုယ်စားလှယ် ခန့်အပ်နိုင်တာကလွဲလို့ ကျန်တာတွေ ဖော်ဆောင်နိုင်ခြင်း မရှိပါဘူး။
မင်းအောင်လှိုင်ဟာ အာဆီယံမူ ၅ ရပ် ထွက်ပေါ်လာပြီးနောက်ပိုင်း မြန်မာပြည်သူတွေအပေါ်မှာ စစ်ရေးအရ တိုက်ခိုက်မှုတွေ အရှိန်မြှင့် လုပ်ဆောင်လာသလို အတိုက်အခံတွေကို ဖမ်းဆီးတာနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးခွင့် ပိတ်ပင်ခဲ့ကြောင်း အဲဒီကြေညာချက်မှာ ဖော်ပြပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်ကိုလည်း မြန်မာ့နိုင်ငံရေးမှာ ပါဝင်သင့် ပါဝင်ထိုက်သူတွေေနဲ့ တွေ့ဆုံခွင့်တို့ကို ပိတ်ပင်ခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒါ့ကြောင့် အာဆီယံ ဆွေးနွေးပွဲတွေမှာ မြန်မာစစ်အုပ်စုကို ပါဝင်ခွင့်မပေးတာ အမြဲတမ်း သတ်မှတ်ဖို့ တိုက်တွန်းလိုက်သလို မြန်မာ့နိုင်ငံရေးကို စတင်ဖြေရှင်းတဲ့အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့အတူ နယ်စပ်ဖြတ်ကျော်ပြီး လူသားချင်းစာနာမှု အကူအညီတွေ ပေးဖို့လည်း တိုက်တွန်းလိုက်ပါတယ်။