ပြည်တွင်း ထောက်ပို့အဖွဲ့တွေ ရပ်တည်ဖို့ ခက်ခဲလာ

ဓာတ်ပုံ- Yaung Ni Facebook
လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေကို ကူညီနေတဲ့ ပြည်တွင်း အခြေစိုက်အဖွဲ့အစည်းတွေဟာ ထောက်ပို့လုပ်ငန်းတွေ လုပ်ဆောင်ရာမှာ အလှူငွေရရှိမှုအခက်အခဲအပြင် လုံခြုံရေးဆိုင်ရာ အခက်အခဲတွေကိုပါ ကြုံတွေ့လာနေရတယ်လို့ ပြည်တွင်းအခြေစိုက် နွေဦးတော်လှန်ရေး ထောက်ပို့အဖွဲ့တွေက ပြောပါတယ်။
အလှူခံ ဘဏ်အကောင့်တွေ Freeze ခံရတာတွေအပြင် သတင်းအချက်အလက်အချို့ ပေါက်ကြားမှုတွေကြောင့် ဖမ်းဆီးခံရပြီး တိမ်းရှောင်နေရသူတွေလည်း ရှိနေခဲ့တယ်လို့ ကရင်နီတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေကို ကူညီပေးနေတဲ့ Yaung Ni အဖွဲ့က ဆိုပါတယ်။
“ဒီရက်ထဲအတွက်ဆိုရင် ညီမတို့အဖွဲ့က ကရင်နီတပ်ရင်း ၃ခုအတွက် လိုအပ်တာဝယ်ယူနိုင်ဖို့နဲ့ စစ်ဘေးရှောင်တွေအတွက် အစီအစဉ်လေးလုပ်တာပေါ့နော်၊ ရှေ့ရက်ကဆိုရင် ပန်းချီမဲလေး လုပ်တယ် အရင်လို မဝယ်နိုင်တော့လို့ အချင်းချင်း နည်းနည်းပြေလည်သူတွေကို အကူညီတောင်းရတယ်၊ အခု Yaung Niအဖွဲ့က အသစ်ပြန်လုပ်ထားရတာဆိုတော့ လူသိနည်းတာလဲ ပါရင်ပါမှာပေါ့ ပထမလုပ်နေတဲ့ Teamထဲက တစ်ချို့က အဖမ်းဆီးခံလိုက်ရတော့ အသစ်အဖြစ် လုပ်လိုက်ရတာ”လို့ ပြည်တွင်း ထောက်ပို့အဖွဲ့တစ်ခုဖြစ်တဲ့ ရောင်နီအဖွဲ့က ပြင်ပဆက်ဆံရေးတာဝန်ခံဖြစ်သူ မဖြူ(အမည်လွှဲ)ကပြောပါတယ်။
ဒါ့အပြင် အလှူငွေထည့်ဝင်ဖို့အတွက် လာရောက်မေးမြန်းသူတွေထဲမှာ စစ်အုပ်စုက တန်ပြန်ထောက်လှမ်းရေးအတွက် လာရောက်မေးမြန်းသူတွေလဲ ပါဝင်နေတာကြောင့် စိစစ်မှုတွေကို အဆင့်ဆင့် လုပ်ဆောင်နေရတယ်လို့ သိရပါတယ်။
“လှူမလိုဟန်ဆောင်ပြီး အကောင့်လာတောင်းတယ် ပြီးရင် အလှူနည်းနည်းထည့်ပြီး အကောင့်ပိုင်ရှင်နဲ့ နေရပ်ကိုလိုက်တယ် Freeze လုပ်ခံရတာတွေလည်းရှိနေတယ်၊ ဒီဖက်က ထောက်ပို့သမားဆိုတာ Low Profile နဲ့နေရတာမို့ အကူညီရဖို့က ခက်တယ် အဲ့ဒါအပြင် Safe House လိုမျိုးတွေ မလုပ်နိုင်ဘူး ပိုက်ဆံမရှိကြဘူးလေ၊ နယ်မြို့တွေမှာ အထိုင်လုပ်ဖို့ဆိုတာ မလွယ်ဘူး ရန်ကုန်လိုနေရာမှာလည်း အခုက အရမ်းသတိကပ်နေရတယ် ၊ညဖက်ကြီး လယ်ကွင်းထဲဖြတ်ပြီး ထွက်ပြေးဖူးတယ် တစ်မြို့နယ်နဲ့ တစ်မြို့နယ်ကို လမ်းလျှောက်ပြေးခဲ့ရဖူးတယ်”လို့ မဖြူက ဆက်လက်ပြောကြားပါတယ်။
အခက်အခဲတွေ ကိုယ်စီကြုံတွေနေရပေမယ့် အကြမ်းဖက်စစ်အုပ်စု ပြုတ်ကျနိုင်ဖို့အတွက် ဆက်လက်ပြီး တွန်းတိုက်လုပ်ဆောင်သွားဖို့ကိုတော့ စိတ်ပိုင်းဖြတ်ပြီးသား ဖြစ်နေကြတယ်လို့ Yaung Niအဖွဲ့က ဆိုပါတယ်။
“ဒီထောက်ပို့အဖွဲ့အကြောင်းကို ကရင်နီက ရဲဘော်တွေသိပါတယ်၊ ဒီအဖွဲ့ဝင်တွေ အားလုံးဟာ လူငယ်တွေပဲ ပါဝင်ပြီးတော့ အကုန်လုံးက မြေပြင်မှာ Low Profileနဲ့ နေကြပြီး အလုပ်လုပ်ရင်း လှူနေ လှူဖို့ တိုက်တွန်းနေသူတွေပါပဲ၊ စစ်ကောင်စီက လာမယ့်လတွေမှာ ကရင်နီကို အင်အားကြီးကြီးနဲ့ ဖိဖို့ပြင်ဆင်နေတာကို သတင်းတွေရရှိထားတာမို့ အခုထဲက ကြိုတင်ပြင်ဆင်ပြီး လှူဒါန်းချင်ပါတယ်။
အားလုံး ဝိုင်းဝန်းကူညီကြဖို့ကလဲ တောင်းဆိုချင်ပါတယ်၊ ကျွန်တော်တို့ အဖွဲ့ကိုမှ မဟုတ်ဘူး ကျွန်တော်တို့ Low Profileနဲ့ ပြည်တွင်းကနေ ထောက်ပို့နေတဲ့ အဖွဲ့တွေ အများကြီးရှိပါတယ် ဘယ်အဖွဲ့ကိုပဲ လှူလှူ တော်လှန်ရေးအောင်မြင်ဖို့အတွက် သွေးမနည်းကြဖို့ လိုအပ်ပါတယ်”လို့ Yaung Niအဖွဲ့က ဦးဆောင်လူငယ်တစ်ဦးက ပြောပါတယ်။