တောင်အာဖရိကမှာ ရေကြီးမြေပြိုလို့ လူ ၄၀၀ကျော်သေဆုံး

Photo – Reuters

တောင်အာဖရိကနိုင်ငံ ၊  KwaZulu-Natal ပြည်နယ်မှာ အခုသီတင်းပတ်အတွင်း ဆိုးဆိုးရွားရွား ရေကြီး မြေပြိုမှုတွေကြောင့် လူ ၄၄၀ကျော် သေဆုံးခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ စစ်သား ထောင်ချီစေလွှတ်သွားမယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ 

ပြီးခဲ့တဲ့ ၇ရက်အတွင်း အဲဒီဒေသမှာ မိုးသည်းထန်စွာရွာသွန်းခဲ့တာဖြစ်ပြီး ဒါဇင်နဲ့ချီတဲ့လူတွေ ပျောက်ဆုံးနေဆဲပဲလို့ သိရပါတယ်။ 

ရှာဖွေကယ်ဆယ်ရေးနဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေအတွက် စစ်သားအင်အား တစ်သောင်းကို စေလွှတ်ဖို့ ဧပြီလ ၁၈ရက်နေ့က ညွှန်ကြားခဲ့တယ်လို့ တောင်အာဖရိက အမျိုးသားကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။ 

ဆေးဘက်ဆိုင်ရာအကူအညီတွေအပြင် ရဟတ်ယာဉ်တွေသုံးပြီး ကယ်ဆယ်ရေးလုပ်ဆောင်သွားမယ်လို့လည်း ဆိုပါတယ်။

ဆိုးရွားတဲ့ရာသီဥတုအခြေအနေကြောင့် ဒေသခံထောင်ချီ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး လျှပ်စစ်မီးနဲ့ သောက်သုံးရေတွေလည်း ပြတ်လတ်နေတာပါ။

တောင်အာဖရိကပြည်နယ်အချို့မှာ ရေကြီးရေလျှံမှု ဖြစ်ပွားနေတဲ့ အခြေအနေကြောင့် သမ္မတ Cyril Ramaphosa က  သဘာဝဘေးဆိုင်ရာအရေးပေါ်အခြေအနေကြေညာခဲ့ပြီး ထိထိရောက်ရောက် တုံ့ပြန်ကိုင်တွယ်ဖို့ကိုလည်း သက်ဆိုင်ရာအာဏာပိုင်တွေကို ခွင့်ပြုထားတယ်လို့ ကြေညာခဲ့ပါတယ်။