မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းကို ထိုးစစ်ဆင်နေတဲ့ အကြမ်းဖက်စစ်တပ်ဟာ ဒီနေ့မနက်ပိုင်းကစပြီး ကျေးရွာတွေထဲ ဝင်ရောက်မွှေနှောက်လုယက်နေတယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ် ပထမစစ်ကြောင်းဟာ မိုးကွဲ-ချင်းယား-ညောင်ပင်ရွာကနေတစ်ဆင့် ဝါဘိုးရွာထဲ ဝင်မွှေနေပြီးဒုတိယစစ်ကြောင်းဟာ နန်းဦးရွာ ကနေတစ်ဆင့် ကူနီရွာထဲရောက်ရှိ မွှေနှောက်နေပါတယ်။ တတိယစစ်ကြောင်းကတော့ ရေယှားကျေးရွာကနေတစ်ဆင့် သောင်ရှေ့ဘက် ကျေးရွာကို ရောက်နေကြောင်း YSO News & Information က ထုတ်ပြန်ပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ရွာတွေထဲကို သေနတ်ပစ်ဖောက်ရုံတင်မက လက်နက်ကြီးတွေနဲ့ ပစ်ခတ် ဝင်ရောက်လာတဲ့အတွက် ဒေသခံတွေ ထွက်ပြေးနေရကြောင်း ရေစကြိုမြို့၊၅ ရပ်ကွက်နေ တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။
‘အကုန်ထွက်ပြေးနေရပါတယ်။ မပြေးလို့ စစ်ခွေးတွေမိခဲ့ရင် အသတ်ခံရနိုင်တယ်ဆိုတော့ ရှိတာလေးတနိုင်သယ်ပြီး ပြေးရတာ။ ရွာတွေထဲလူမရှိတော့ စစ်ခွေးတွေ စိတ်ကြိုက်လုယက်ကြတော့တာပေါ့’ လို့ သူကပြောပါ တယ်။
ရေလယ်ကျွန်း၊ ငတရော်ရွာမှာ စခန်းချနေတဲ့ အကြမ်းဖက်စစ်သားတ၀က်ဟာ ရေယှားရွာဘက်ကို စစ်ကြောင်းထိုးသွားပြီးကျန်တ၀က်မှာ ငတရော်ရွာရှိ တောင်သူတွေဆီက အကြမ်းဖက်လုယက်ထားတဲ့ ပဲအိတ်နဲ့ ဆန်အိတ်တွေကို ထော်လာဂျီပေါ်တင်နေကြောင်း YSO News & Information က ဆိုပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ဧပြီ ၂ ရက်နေ့စပြီး ရေလယ်ကျွန်းဒေသကို စစ်ကြောင်း ၃ ကြောင်းခွဲကာ ထိုးစစ်ဆင်နေပြီး ကျေးရွာတွေကို မီးရှို့ခြင်းနဲ့ ပြည်သူတွေကိုသတ်ဖြတ်ခြင်းတို့ လုပ်ဆောင်နေပါတယ်။