ဟန်ဂေရီမှာ ရထားကို ထရပ်ကားဝင်တိုက်လို့ လူ ၅ဦးသေဆုံး

Photo – Reuters

ဟန်ဂေရီနိုင်ငံတောင်ပိုင်းမှာ ဧပြီလ ၅ရက်နေ့ မနက်အစောပိုင်းက ထရပ်ကားတစ်စီးက ရထားကိုတိုက်မိလို့ လူ ၅ဦးသေဆုံးပြီး နောက်ထပ် ၁၀ဦးဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ဟန်ဂေရီ – ဆားဘီးယားနယ်စပ်အနီး မင့်ဒ်ဇန့်မြို့က ရထားလမ်းမှာ အခုလိုမတော်တဆဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၅ဦးစလုံးဟာ ထရပ်ကားထဲ လိုက်ပါလာသူတွေဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီထရပ်ကားဟာ ဒေသခံအလုပ်သမားတွေကို တင်ဆောင်လာတာလို့ သိရပါတယ်။

ဒေသတွင်း သတင်းဌာနတစ်ခုက ဓာတ်ပုံထဲမှာ ရထားတွဲရော ထရပ်ကားပါ လမ်းဘေးမှာ တိမ်းမှောက်နေပြီး အခင်းဖြစ်တဲ့နေရာမှာ ရဟတ်ယာဉ်လူနာတင်ယာဉ်နဲ့ လူနာတင်ကားတွေအများအပြား ရောက်ရှိတာကို တွေ့ရပါတယ်။

ထရပ်ကားဟာ မီးနီနေတာကို ဖြတ်မောင်းပြီး ခရီးသည် ၂၂ယောက်လိုက်ပါလာတဲ့ အဲဒီရထားကို ဝင်တိုက်ခဲ့တာလို့ နိုင်ငံပိုင်ရထားလိုင်းကုမ္ပဏီက ပြောပါတယ်။