စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာမမှာ တပ်စွဲထားတဲ့ စစ်အုပ်စုကို ဒေသတွင်း တော်လှန်ရေးအင်အားစုတွေ သွားရောက်တိုက်ခိုက်ကြရာ အကြမ်းဖက်စစ်သား ၄ ဦးသေဆုံးတယ်လို့ သိရပါတယ်။
ဒီနေ့မနက် ၄ နာရီလောက်မှာ အင်အား ၁၀၀ လောက်ရှိတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေကို KLG PDF နဲ့ မဟာမိတ်တပ်ပေါင်းစုတွေ သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး PDF ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကနီ PDF က သတင်းထုတ်ပြန်ပါတယ်။
‘စစ်ခွေးတွေက ကျွန်တော်တို့ စစ်ကိုင်းတိုင်းကို မတ်လ ၂၇ ရက်မတိုင်ခင် အပြုတ်နှံမယ်ဆိုပြီး သတင်းထွက်ခဲ့သေးတယ်။ တကယ်လည်း မြေလှန်စနစ်နဲ့ ပြည်သူ့အိုးအိမ်တွေပါ မီးရှို့ခဲ့တယ်။ ဒါပေမဲ့ အခု စစ်ကိုင်းမှာ တိုက်ပွဲတွေဆက်ဖြစ်နေတာ စစ်ခွေးတွေ လုပ်လို့မရမှန်း သဘောပေါက်သွားပြီပေါ့’ လို့ ပုလဲအခြေစိုက် PDF ရဲဘော်တစ်ဦးက ပြောပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ စစ်ကိုင်းတိုင်းအတွင်း ဒီနေ့ထိ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်နေသလို ဒေသတွင်း PDF အဖွဲ့တွေကလည်း ပြောက်ကျားစနစ်နဲ့ ပြန်လည်တိုက်ပွဲဝင်နေကြပါတယ်။