ကနီ၊ လာပို့ရွာထဲ အကြမ်းဖက်စစ်တပ် လုယက်မီးရှို့

အကြမ်းဖက်စစ်တပ်ဟာ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ လာပို့ရွာထဲ ဝင်ရောက်လုယက် မီးရှို့ခဲ့တယ်လို့ သိရပါတယ်။
ယမန်နေ့၊ နေ့လယ် (၁၂) နာရီလောက်မှာ အကြမ်းဖက်စစ်တပ်နဲ့ ပျူစောထီးတွေဟာ မုံရွာ- ယာကြီး- ကလေးဝကားလမ်းဘေးရှိ လာပို့ရွာထဲ ဝင်ရောက်ခဲ့ပြီး ရွာအတွင်းရှိ လူနေအိမ်နဲ့ဆိုင် (၁၅) လုံးကို ဖောက်ထွင်းကာ ပစ္စည်းတွေ ခိုးယူသယ်ဆောင်‌သွားသလို ကျေးရွာထဲရှိ ဝက်တစ်ကောင်ကို သတ်ခဲ့ကာ ကျန်တစ်ကောင်ကို စစ်ကားပေါ် တင်‌ဆောင်သွားခဲ့ကြောင်း ကနီPDF(၂) က ဒီကနေ့ ထုတ်ပြန်ပါတယ်။
ဒါ့အပြင် လာပို့ရွာအနီးရှိ လူနေအိမ်နဲ့ယာတဲ (၁၀) လုံးနဲ့ဝက်ခြံတစ်ခြံကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရပါတယ်။
အဲဒီနောက် တောတွင်းစစ်ဘေးရှောင် ပြည်သူတစ်ဦးကို ကင်းပုန်းဝပ်နေတဲ့ စစ်သားတွေက ဖမ်းဆီးညှင်းပန်းနှိပ်စက်ပြီး သူတို့အထိုင်ချတဲ့ လာပို့ရွာထိပ်က စခန်းကို ခေါ်ဆောင်သွားခဲ့ကြောင်းလည်း ထုတ်ပြန်ပါတယ်။
အကြမ်းဖက်စစ်တပ်နဲ့ ပျူစောထီးတွေဟာ မွန်းလွဲ ၁ နာရီလောက်မှာ လာရာလမ်းအတိုင်း ပြန်လည်ဆုတ်ခွာခဲ့ပြီး မိုင်တိုင်အမှတ် (၆၆) မှာ ယမန်‌နေ့ညက စခန်းချညအိပ်ရပ်နားခဲ့ကာ ညအချိန်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခြောက်လှန့်မှုတွေ ပြုလုပ်ခဲ့ကြောင်း ကနီPDF(၂) က ထုတ်ပြန်ပါတယ်။