အကြမ်းဖက် စစ်တပ်ဟာ သင်္ကြန်မဏ္ဍပ်တွေကို ဖောက်ခွဲပြီး PDF လုပ်သယောင် ဝါဒဖြန့်နိုင်ခြေရှိ

အကြမ်းဖက်စစ်တပ်ဟာ သင်္ကြန်မဏ္ဍပ်တွေကို ဖောက်ခွဲဖျက်ဆီးပြီး PDF တွေ ပြုလုပ်သယောင် ဝါဒဖြန့်နိုင်ခြေရှိတာကို သတိပြုကြဖို့လိုကြောင်း တပ်တွင်းသတင်းရင်းမြစ်ကပြောပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ သူတို့ကိုထောက်ခံသူတွေကိုပါ အသုံးချဖို့ရာ ဝန်မလေးတဲ့အပြင် သူတို့ရဲ့ နိုင်ငံရေး အကျိုးအမြတ် ရရှိရေးအတွက် ဘာမဆိုလုပ်ဝံ့တယ်ဆိုတာ အကြိမ်ကြိမ်သက်သေပြပြီး ဖြစ်တယ်လို့ သူကပြောပါ တယ်။
‘အခုသင်္ကြန်မှာ မဏ္ဍပ်တွေလုပ်ပြီး လူစည်ကားဖို့ အသဲအသန်ကြိုးစားနေတယ်။ အဲဒီမဏ္ဍပ်တွေကို သူတို့ကိုယ်တိုင်ဖောက်ခွဲပြီး PDF က ပြည်သူတွေပျော်နေတာကိုအကြမ်းဖက်တယ်ဆိုတာမျိုး နိုင်ငံတကာကို ဝါဒဖြန့်ဖို့ ကိုယ့်မဏ္ဍပ်ကိုယ် ဖောက်ခွဲရဲတယ်ဆိုတာ ကျွန်တော်တို့ရဲ့ အင်မတန်ဖြစ်နိုင်ခြေရှိတဲ့ ခန့်မှန်းချက်ပါ’ လို့ သူက ပြောပါတယ်။
ဒါ့ကြောင့် သင်္ကြန်ကာလ အပြင်ထွက်လည်တာနဲ့ မဏ္ဍပ်မှာရေကစားခြင်းဟာ အင်မတန်အန္တရာယ်များတဲ့ ကိစ္စဖြစ်ကြောင်း သူကဆက်ပြောပါတယ်။
မန္တလေးနဲ့ ပြင်ဦးလွင်တို့မှာ စစ်အုပ်စုက မဏ္ဍပ်ဆောက်ဖို့အတွက် ဟိုတယ်၊ မိုတယ်တွေဆီ အဓမ္မငွေ တောင်းခံနေတယ်လို့ CDM ရဲတွေနဲ့ ဖွဲ့စည်းထားတဲ့ Myanmar Police CDM Channel က ဖော်ပြပါတယ်။
တော်လှန်ရေး အင်အားစုတွေက စစ်အုပ်စုပြုလုပ်မယ့် အတုအယောင်သင်္ကြန်ကို သပိတ်မှောက်ကြဖို့ လှုံ့ဆော်နေပါတယ်။