မြဝတီ-ဝေါ်လေ လမ်းပိုင်းတိုက်ပွဲ အကြမ်းဖက်စစ်သား ၆၀ ကျော်သေ

Photo – Cobra Column
ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီ-ဝေါ်လေ လမ်းပိုင်းမှာဖြစ်ပွားတဲ့ တိုက်ပွဲမှာ အကြမ်းဖက်စစ်သား ၆၀ကျော်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မတ်လ ၂၇ ရက်နေ့၊ တော်လှန်ရေးနေ့မှာ ဝေါ်လေဘက်တက်လာတဲ့ အကြမ်းဖက်စစ်တပ်ကို KNLA ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၆၁ ဦးသေ၊ ၁၈ ဦးဒဏ်ရာရပြီး ၂ ဦးအရှင်ဖမ်းမိကာ လက်နက်ခဲယမ်းမျိုးစုံ သိမ်းဆည်းရမိတယ်လို့ Delta News Agency ရဲ့ မြေပြင်ကင်းထောက်က ပြောပါတယ်။
ယမန်နေ့နေ့ခင်း ၁၂ နာရီ ၁၅ မိနစ်လောက်က လေးကေ့ကော်မြို့ပေါ်က လေယာဉ်နှစ်စီးဖြတ်သွားကာ သေ့ဘောဘိုးမှာ လေကြောင်းပစ်ခတ်မှုတွေ လုပ်ခဲ့ပါတယ်။
‘ထုံးစံအတိုင်း လေယာဉ်လာပြီဆို ကင်းထောက်တာမဟုတ်ရင် မြေပြင်မှာ စစ်ခွေးတွေ အလူးအလဲခံနေရလို့ပဲ ‘လို့ သူကပြောပါတယ်။
ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ လေးကေ့ကော်ဒေသကို
ဖြတ်သန်းပြီး ဖလူးကျေးရွာဘက်ကနေ ဝေါ်လေကို ကျူးကျော်ဝင်ရောက်လာတဲ့ တပ်မ (၄၄) နဲ့ တပ်မ (၂၂) လက်အောက်ခံ အကြမ်းဖက် စစ်ကြောင်းနဲ့ မတ်လ ၂၇ ရက် မနက် (၉) နာရီကနေ ညနေ (၄) နာရီအထိ မြဝတီ-ဝေါ်လေ ကားလမ်းမကြီးရဲ့ လမ်းပိုင်းတစ်နေရာမှာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း အကြမ်းဖက် စစ်တပ်ဘက်က အထိအခိုက်အကျအဆုံးများတာ ကြောင့် Mi 2 ရဟတ်ယာဉ်၊ Mi 35 ရဟတ်ယာဉ် နှစ်စီးစီနဲ့ နှစ်ကြိမ် ပစ်ကူပေးရကြောင်း Cobra Column က ယမန်နေ့က ထုတ်ပြန်ထားပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ တပ်မဟာ ၆ နယ်မြေ၊ ဒူးပလာယာခရိုင်အတွင်း စစ်အင်အားတိုးချဲ့နေတာကြောင့် အာရှလမ်းမကြီးဖြစ်တဲ့ ကော့ကရိတ်-မြဝတီလမ်းပိုင်းနဲ့ မြဝတီ-ဝေါ်လေလမ်းပိုင်းကို မတ်လ ၂၇ ရက်ကစတင်ပြီး အသုံးမပြုတော့ဖို့ KNU က သတိပေးချက်ထုတ်ပြန်ထားပါတယ်။