ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ် အာရှလမ်း တောနော်ရေတံခွန် အနီးမှာ ဒီနေ့ မတ်လ ၂၇ ရက် မနက်ပိုင်းက ကုန်တင်ယာဉ် ၂ စီး မီးရှို့ခံရပြီး လက်ရှိမှာလက်နက်ကြီး လက်နက်ငယ် ပစ်ခတ်မှုတွေနဲ့ တိုက်ပွဲပြင်းထန်နေတယ်လို့ KIC သတင်းဌာနကဖော်ပြပါတယ်။
“ဒီကနေ့ မနက်အစောပိုင်းက မြဝတီဘက်က ဆင်းလာတဲ့ ၆ ဘီး ယာဉ် တစ်စီးနဲ့ ၁၂ ဘီးယာဉ် တစ်စီး အာရှလမ်း တောနော်ရေတံခွန်နားမှာ မီးရှို့ခံထားရတယ်”လို့ အဲဒီလမ်းပိုင်းမှာ လူမှုကယ်ဆယ်ရေး ဆောင်ရွက်နေတဲ့ အသင်းအဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။
ကုန်တင်ယာဉ် နှစ်စီး မီးရှို့ခံရပြီးနောက် အာရှလမ်း တောနော်ရေတံခွန်အနီး ကော့ကရိတ်ဘက်ခြမ်းတွင် လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်မှုတွေနဲ့ တိုက်ပွဲပြင်းထန်နေပြီး လက်ရှိ အာရှလမ်းမှာ ယာဉ်သွားလာမှု မရှိသလောက်နည်းပါးနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မတ်လ ၂၆ ရက်နေ့ ညပိုင်းကတည်းက မြဝတီဘက်ခြမ်း အာရှလမ်းအနီးဝန်းကျင်နဲ့ ကွင်းကလေးရွာဘက်ကို အကြမ်းဖက်စစ်အုပ်စုက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။
ဒီနေ့ မနက်ပိုင်းမှာတော့ အာရှလမ်း တောနော်ရေတံခွန်အနီး ကော့ကရိတ်ဘက်ခြမ်းမျာ တိုက်ပွဲဖြစ်နေတာကြောင့် မော်တော်ယာဉ်တွေ အများစု နောက်ကြောင်းပြန်လှည့်နေကြတယ်လို့လည်း သိရပါတယ်။
မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းကို မတ်လ ၂၇ ရက်နေ့မှစပြီး ယာယီအသုံးမပြုကြဖို့ KNU တပ်မဟာ ၆ နဲ့ ဒူးပလာယာခရိုင် အုပ်ချုပ်ရေးအဖွဲ့က မနေ့က မတ်လ ၂၆ ရက် နေ့စွဲဖြင့် စာထုတ်ပြန်ထားပြီး ဒီနေ့မနက်မှာတော့
မြဝတီဘက်ခြမ်းက ကုန်တင်ယာဉ်တွေနဲ့ ခရီးသွားယာဉ်တွေ သွားလာမှုမရှိသလောက်နည်းနေပါတယ်။
Source and Photo – KIC