စစ်အုပ်စုက စစ်ပြေးဓားပြတွေကို ဖမ်းဆီးပြီး PDFတွေကို ဖမ်းမိတယ်လို့ ဝါဒဖြန့်

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် လှတောကျေးရွာမှာ စစ်ပြေးဓားပြ ၇ဦးကို ဖမ်းဆီးပြီး PDFတွေကို ဖမ်းမိတယ်လို့ စစ်အုပ်စုက လိမ်လည်ကာ ဝါဒဖြန့် သတင်းထုတ်ပြန်နေတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
စစ်အုပ်စုရဲ့ ဝါဒဖြန့်ချီရေး လူမှုကွန်ရက်တွေမှာ လှတောကျေးရွာက PDF ၇ဦးကို လက်လုပ်သေနတ် ၃လက်၊ ကျည်ဆံ ၂တောင့်နဲ့ အတူဖမ်းဆီးရမိတယ်လို့ လိမ်လည်ဝါဒဖြန့်နေခဲ့တာပါ။
“ PDF တွေ မဟုတ်ပါဘူး၊ ဖိုးသကြန် (အောင်သင်္ကြန်) ဆိုတဲ့သူက စစ်သားပါ၊(စစ်ပြေး)၊ ကျန်တဲ့ လှတောက လူတွေကလည်း သူခိုး ဓါးပြတွေပါ၊ PDF တွေက သတ်တော့မှာစိုးလို့ စစ်ကောင်စီက ဖမ်းဆီးပြလိုက်တာပါ”လို့ ဒေသခံတစ်ဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး Shwebo Daily News က ဖော်ပြထားပါတယ်။
စစ်အုပ်စုက ဖမ်းဆီးခဲ့တဲ့ သူတွေဟာ လှတောကျေးရွာက ကိုပိုင်စိုးလွင်၊ ကိုဖြိုးဦး၊ ကိုဇော်ဝင်းအောင်၊ ကိုအောင်သင်္ကြန်၊ ရွှေဘိုမြို့က ကိုဝေစိုးဦး၊ ကိုထွန်းမင်းနိုင်နဲ့ ဆိပ်သာကျေးရွာက ကိုသူရတို့ဖြစ်ပြီး သူတို့တွေဟာ PDFတွေမဟုတ်ဘဲ ကျေးရွာတွေလှည့်ကာ ဓားပြတိုက်နေသူတွေဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။