တာခ်မင်နစ္စတန်နိုင်ငံမှာ သမ္မတသားကို အာဏာအမွေပေးဖို့ ပြင်ဆင်နေ

Photo – AFP

“ရုရှားက ယူကရိန်းကို ကျူးကျော်စစ်ကြောင့် နိုင်ငံတကာမှာ လှုပ်လှုပ်ရှားရှား ဖြစ်နေချိန်အတွင်း အာဏာပိုင်ဝါဒကျင့်သုံးတဲ့ တာ့ခ်မန်နစ္စတန်နိုင်ငံမှာ မတ်လ ၁၂ ရက်နေ့ ကျင်းပမယ့် သမ္မတရွေးကောက်ပွဲကတဆင့် သမ္မတရဲ့သားကို အာဏာအမွေပေးဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။

သမ္မတရွေးကောက်ပွဲမှာ ဝင်ပြိုင်သူ ကိုးဦးရှိတဲ့ထဲမှာ သမ္မတရဲ့ အသက် ၄၀ ရှိတဲ့သားဖြစ်သူ ဂါဘန်ဂူလီ ဘာဒီမူခမ်မီဒေါ့ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး အနိုင်ရဖို့များတယ်လို့ အားလုံးက ယူဆနေကြပါတယ်။ 

သူ့ဖခင် ဘာဒီမူခမ်မီဒေါ့ဟာ လက်ရှိသမ္မတရာထူးအပြင် အစိုးရအဖွဲ့အကြီးအကဲ၊ လွှတ်တော်ဥက္ကဋ္ဌစတဲ့ ရာထူးတွေအားလုံး ယူထားသူဖြစ်ပြီး နိုင်ငံ့အကြီးအကဲအဖြစ် ၁၅ နှစ် အုပ်ချုပ်ပြီးနောက် အသက် ၆၄ နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။

 သူဟာ “လူငယ်ခေါင်းဆောင်တွေ”ကို အုပ်ချုပ်ဖို့အလှည့်ပေးရမယ်လို့ ကြေညာခဲ့ပါတယ်။ လူဦးရေ ၆ သန်းရှိတဲ့ ဗဟိုအာရှနိုင်ငံ တာ့ခ်မန်နစ္စတန်ပေါ်ပေါက်လာပြီးနောက် ခေါင်းဆောင်ဖြစ်ခဲ့သူ ဆူပါမူရတ် နီယာဇော့ဗ်ကွယ်လွန်တဲ့ ၂၀၀၆ ခုနှစ်ကတည်းက လက်ရှိသမ္မတ ဘာဒီမူခမ်မီဒေါ့ အာဏာရခဲ့တာပါ။ 

သူတို့နှစ်ဦးလုံးရဲ့ ရွှေရောင်ရုပ်တုတွေအပြင် ရုရှားနဲ့ ယူကရိန်း စာဆိုတော်ကြီးတွေရဲ့ ရုပ်တုတွေကို  မြို့တော် အက်ရှ်ဂါဘတ်မှာ စိုက်ထူထားပေမယ့် လက်ရှိ ရက်သတ္တနှစ်ပတ်ကြာ ဖြစ်ပွားနေတဲ့ ယူကရိန်းစစ်ပွဲအကြောင်းကိုတော့ နိုင်ငံပိုင်မီဒီယာမှာ တစ်လုံးတစ်ပါဒမျှ ဖော်ပြခြင်း မရှိခဲ့ပါဘူး။

ရွေးကောက်ပွဲဝင်ပြိုင်မယ့် သားဖြစ်သူ ဘာဒီမူခမ်မီဒေါ့ကတော့ “သမ္မတလောင်းအဖြစ် ဝင်ပြိုင်တာဟာ ကျွန်တော့်အတွက်သာမက လွတ်လပ်ရေးရပြီးကတည်းက ကြီးပြင်းလာခဲ့ကြတဲ့ လူငယ်မျိုးဆက်တစ်ခုလုံးအတွက် အတော်ပဲ တာဝန်ကြီးပါတယ်” လို့ ဆိုပါတယ်။

ဒါပေမယ့် အင်တာနက်နှေးကွေးပြီး နိုင်ငံတကာဝက်ဘ်ဆိုက်တွေကို ပိတ်ပင်ထားတဲ့ တာ့ခ်မန်နစ္စတန်နိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပပေးမယ်ဆိုပေမယ့် အာဏာရှင်သက်တမ်းနှစ်ဆက် အရိပ်ထိုးလွှမ်းမိုးမှုတွေကြောင့် အပြောင်းအလဲ ကြီးကြီးမားမားဖြစ်လာမယ်မထင်ဘူးလို့ အကဲခတ်သူတွေက ဆိုကြပါတယ်။