ဒီကနေ့ ကချောင်းရွာအနီး တိုက်ပွဲအတွင်း စစ်အုပ်စုက ၅ ဦးခန့်သေ

မကွေးတိုင်းနဲ့ ချင်းပြည်နယ်နဲ့ နယ်ခြားမှာရှိတဲ့ ကချောင်းကျေးရွာ ရွာထိပ်အနီးမှာ အကြမ်းဖက်စစ်အုပ်နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်အုပ်စုက ၅ ဦးခန့်သေဆုံးကာ ၉ ဦးခန့် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တယ်လို့ CDF Kanpetlet က သတင်းထုတ်ပြန်လာခဲ့ပါတယ်။
ဒီကနေ့ မတ်လ ၉ ရက်နေ့ မနက် ၁၀ နာရီ ၃၀ မိနစ်ခန့်မှာ ကချောင်းရွာထိပ်အနီး စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုကို CDF Kanpetlet နဲ့ ယောဒေသကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းပြီး ခုခံတိုက်ခိုက်ခဲ့ရာ တစ်နာရီခန့် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
တိုက်ပွဲအတွင်း အထိနာသွားတဲ့စစ်အုပ်စုဟာ အကာအကွယ်နေရာတွေကို အပြေးအလွှား နေရာယူရာမှ ယောဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ထောင်ထားတဲ့ နင်းမိုင်းအများစုကို နင်းမိပြီး အထိနာခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်းမှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ကတော့ ထိခိုက်မှု မရှိဘဲ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ ဖေဖေါ်ဝါရီလ ၆ ရက်နေ့က စတင်ပြီး CDF Kanpetlet တပ်ဖွဲ့တွေ တပ်စွဲတဲ့နေရာတွေကို အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးနေခဲ့တာကြောင့် တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာနိုင်တယ်လို့ သိရပါတယ်။