အနောက်မြောက်ဒေသမှာ တိုက်ပွဲပြင်းထန်နေတာကြောင့် ပြည်သူ့စီးပွားပြင်းထန်စွာ ထိခိုက်နေ

မြန်မာနိုင်ငံ အနောက်မြောက်ဒေသမှာ လက်နက်ကိုင်ပဋိပက္ခ ပြင်းထန်စွာဖြစ်ပွားနေတာကြောင့် သီးနှံရိတ်သိမ်းမှု နဲ့ အခြားသက်မွေးလုပ်ငန်းတွေ ပြင်းထန်စွာထိခိုက်နစ်နာဆုံးရှုံးနေ ကြောင်း UNHCR က ဒီကနေ့ထုတ်ပြန်ပါတယ်။
အဲဒီဖြစ်ရပ်တွေကြောင့် နေရပ် စွန့်ခွာသူတွေဟာ အစားအစာ၊ ကျန်းမာရေးစောင့်ရှောက်မှု နဲ့ အခြားအခြေခံ လိုအပ်ချက် အကူအညီတွေ အရေးတကြီးလိုအပ်နေတယ်လို့လည်း ဆိုပါတယ်။
အနောက်မြောက်လွင်ပြင် စစ်ကိုင်းအတွင်းရှိမြို့တွေမှာ အကြမ်းဖက်စစ်တပ်က အရက်စက်ဆုံးနည်းလမ်းမျိုး စုံနဲ့ ထိုးစစ်ဆင်နေသလို ကျေးရွာတွေကိုပါ မီးရှို့ပစ်နေတာကြောင့် အသက်မသေရေးတစ်ခုတည်းကိုသာ အာရုံထားရုန်းကန်နေရတယ်လို့ ယင်းမာပင်အခြေစိုက် PDF ခေါင်းဆောင်တစ်ဦးကပြောပါတယ်။
‘မနက်ဖြန်ဘာနဲ့စားမလဲဆိုတာထက် မနက်ဖြန်ကိုယ့်အသက်ရှင်မလားဆိုတာကိုပဲအဓိကအာရုံထားနေရ တယ်။
စီးပွားရေးတွေ အကုန်ပျက်တယ်။UNHCR တို့ဘာတို့ အကူအညီပေးတဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေ လည်း ကျွန်တော်တို့ဆီ မလာကြပါဘူး’လို့ သူကပြောပါတယ်။
ချင်းပြည်နယ်မှာ လည်း နေရပ် စွန့်ခွာရွှေ့ပြောင်းနေထိုင်ရမှုတွေ မြင့်တက်လာနေတယ်လို့ UNHCR ကထုတ်ပြန်ပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ မတ်လ ၁ ရက် အထိ မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်ရသူဦးရေ ၅၀၁,၀၀၀အထိ ရှိလာခဲ့ပြီး ၇ရက်တာ ကာလအတွင်း လူဦးရေ ၅ သောင်းကျော်တိုးလာတယ်လို့ သိရပါတယ်။
နေရပ်စွန့်ခွာပြောင်းရွှေ့နေထိုင်တဲ့ ဒေသတွေမှာ ခိုလှုံစရာနေရာ၊ အစားအစာ၊ သောက်သုံးရေ နဲ့ ဆောင်း ရာသီသုံးပစ္စည်းတွေ လုံလောက်စွာမရရှိနိုင်တာကြောင့် နေရပ်စွန့်ခွာသူတချို့ဟာ ရှမ်းပြည်နယ်ကနေ မူလနေထိုင်ရာကယားပြည်နယ်ဆီ နေရပ်ပြန်နေကြပေမဲ့ ကယားပြည်နယ် အတွင်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့်တစ်ကျော့ပြန် နေရပ်စွန့်ခွာရခြင်းတွေ ဖြစ်ပေါ်လာနိုင်ဖွယ်ရှိတယ်လို့ UNHCR က ခန့်မှန်းထားပါတယ်။
အရှေ့မြောက်ပိုင်းဒေသရှိ ကချင်ပြည်နယ် မိုးမောက်မြို့နယ်မှာ တိုက်ပွဲဖြစ်ပွားမှုကြောင့် လူဦးရေ ၁,၀၀၀ လောက် နေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်နေကြရတယ်လို့ သိရပါတယ်။