ကျူးကျော်ဝင်ရောက်လာတဲ့ ရုရှားတပ်တွေကို ရင်ဆိုင်နေရတဲ့ ယူကရိန်းစစ်တပ်အတွက် စစ်လေယာဉ်တွေ ပို့ပေးနိုင်ဖို့ အစီအစဉ်တစ်ခုအဖြစ် ပိုလန်နိုင်ငံက MiG-29 ဖိုက်တာဂျက်လေယာဉ်တွေ ဂျာမန်အခြေစိုက် အမေရိကန်စစ်စခန်းကို လွှဲပြောင်းပေးချင်ကြောင်း ပြောဆိုခဲ့ပေမယ့် ဒီကမ်းလှမ်းမှုကို အမေရိကန်နဲ့ နေတိုးမဟာမိတ်တွေက ဘယ်လိုတုံ့ပြန်မလဲ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
အမေရိကန် အဆင့်မြင့်အရာရှိတစ်ဦးကတော့ ဒီကမ်းလှမ်းမှုကို ထင်မှတ်မထားမိကြောင်းနဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ဒီလုပ်ရပ်ကို ရန်စမှုတစ်ခုအဖြစ် ရှုမြင်နိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။ အမေရိကန်ရဲ့ ပင်တဂွန်စစ်ရုံးက သတင်းထုတ်ပြန်ရေး အတွင်းရေးမှူး ဂျွန်ကာဘီကတော့ ရုရှားက အပြင်းအထန်တိုက်ခိုက်နေတဲ့ ယူကရိန်းလေကြောင်းပိုင်နက်ထဲကို ဂျာမန်မှာရှိတဲ့ အမေရိကန်/နေတိုးအခြေစိုက်စခန်းထဲက လေယာဉ်တွေ ပျံတက်လာတာမြင်ရရင် စိုးရိမ်စရာတွေ ဖြစ်လာနိုင်တယ်လို့ မှတ်ချက်ပေးခဲ့ပြီး ဒီကိစ္စနဲ့ပတ်သက်လို့ ပိုလန်နဲ့ ဆွေးနွေးစရာရှိကြောင်း ပြောဆိုခဲ့ပါတယ်။
ဒီလုပ်ဆောင်ချက်ဟာ တစ်ဖက်မှာ ယူကရိန်းအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေနိုင်ပေမယ့် တစ်ဖက်မှာလည်း စစ်ပွဲကို ပိုမိုကြီးမားကျယ်ပြန့်သွားစေနိုင်တဲ့ အန္တရာယ်လည်း ရှိနေပါတယ်။
ယူကရိန်းက စစ်လေယာဉ်တွေ ပေးပို့ဖို့ အကူအညီတောင်းခဲ့တဲ့နောက် ယူကရိန်းလေတပ်က ဆိုဗီယက်ခေတ် ဂျက်တိုက်လေယာဉ်တွေကို မောင်းနှင်ဖို့ လေ့ကျင့်ထားတာ ဖြစ်တဲ့အတွက် ပိုလန်နိုင်ငံက အဲသလို လေယာဉ်မျိုးတွေ ယူကရိန်းကို ပေးပို့ပြီး၊ အမေရိကန်က F-16 လေယာဉ်တွေ အစားပြန်ယူဖို့ ကမ်းလှမ်းချက်တစ်ခုကိုလည်း အမေရိကန်က စဉ်းစားနေပါတယ်။
ရုရှားကတော့ ယူကရိန်းလေတပ်ကို ကူညီပံ့ပိုးမှုတွေကို ဒီပဋိပက္ခမှာ ပါဝင်ပတ်သက်လာတယ်လို့ ယူဆပြီး ကူညီပံ့ပိုးသူတွေကိုပါ လက်တုံ့ပြန်သွားမယ်လို့ ဆိုခဲ့ပါတယ်။