မြန်မာနိုင်ငံ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်တဲ့ နိုင်ငံတွေကို ထိရောက်စွာ အရေးယူရမယ်လို့ ဂျာမနီနိုင်ငံခြားရေးဝန်ကြီး Annalena Baerbock က ပြောကြားလိုက်ပါတယ်။
ဆွစ်ဇာလန်၊ ဂျီနီဗာမှာ ကျင်းပနေတဲ့ (၄၉) ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ ဂျာမနီနိုင်ငံခြားရေးဝန်ကြီးက အဲဒီလိုပြောကြားလိုက်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဂျာမန်သံရုံးက ဒီကနေ့ဖော်ပြပါတယ်။
‘လူ့အခွင့်အရေး မြှင့်တင်ရေးဟာ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာ မဟုတ်ပါဘူး။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ထိရောက်စွာ အရေးယူရပါမယ်။ ဒါကြောင့် ဘီလာရုစ်၊ တောင်ဆူဒန်၊ ဆီးရီးယားနဲ့ မြန်မာနိုင်ငံတို့ အတွက် တာဝန်ယူမှု၊ တာဝန်ခံမှု ယန္တရားတွေကို တိုးချဲ့ဖို့ လိုအပ်ပါတယ်’ လို့ ဂျာမန်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ ယူကရိန်းနဲ့ မြန်မာပြည်သူတို့နဲ့ အတူတကွ ရပ်တည်ကြောင်း ဖော်ပြခဲ့ပါသေးတယ်။
ရန်ကုန်မြို့၊ ဂျာမနီသံရုံးရဲ့ သံရုံးအကြီးအကဲ York Schuegraf က ‘တခြားနိုင်ငံကို စစ်ပြုခြင်းနဲ့ ကမ္ဘာပေါ်ရှိ ဘယ်နေရာမှာမဆို အရပ်သားပြည်သူတွေအပေါ် မည်သည့်နည်းနဲ့ပင်ဖြစ်စေ ရက်စက်စွာ ကျူးကျော်တိုက်ခိုက်ခြင်းဟာ လူ့အခွင့်အရေးကို မထီမဲ့မြင်ပြုတာဖြစ်သလို လက်မခံနိုင်ဖွယ်ဖြစ်ပါတယ်။ ဒါတွေဟာ နိုင်ငံတကာ ဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ပြီး လူ့အဖွဲ့အစည်းအပေါ် တိုက်ခိုက်မှု ဖြစ်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း နာမည်တပ်ပြောဖို့ လိုအပ်ပါတယ်’ လို့ ပြောပါတယ်။