ကသာမှာ တရားမဝင် ကျွန်းသစ်တွေကို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖမ်းမိ

ဓာတ်ပုံ-ကသာမြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့
စစ်ကိုင်းတိုင်း ကသာမြို့နယ်မှာ တရားမဝင် ကျွန်းသစ် တန် ၂၀ ကျော်ကို ဖမ်းဆီးရမိခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရအဖွဲ့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက ဒီကနေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့က တရားမဝင် ကျွန်းသစ်တွေကို သယ်ဆောင်လာသူ လူ ၃ ဦးနဲ့အတူ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး သယ်ဆောင်လာသူတွေကိုတော့ ခံဝန်နဲ့ ပြန်လွှတ်ပေးခဲ့ပြီး ကျွန်းသစ်ခွဲသား တန် ၂၀ ကိုတော့ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။
ကသာမြို့နယ်အတွင်းမှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အခုလို ဖမ်းဆီးရမိခဲ့တာ ပထမအကြိမ်ဖြစ်ပြီး ဖေဖေါ်ဝါရီလ ၂၄ရက်နေ့မှာလည်း ထီးချိုင့်မြို့နယ် ကျောက်မှော်ကျေးရွာအနီးမှာ တရားမဝင် ကျွန်းသစ် ၁၂တန်ကျော် တင်ဆောင်လာတဲ့ ကားတစ်စီးကို လူ၄ဦးနဲ့အတူ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဖမ်းဆီးရမိခဲ့ပါသေးတယ်။