ယူကရိန်းက အမေရိကန်သံရုံးဝန်ထမ်းတွေကို ပိုလန်ကို ညတွင်းချင်းပြောင်းရွှေ့ဖို့ အမေရိကန်ညွှန်ကြား

Photo – AP

ယူကရိန်းနိုင်ငံက အမေရိကန်သံရုံးဝန်ထမ်းတွေကို ညတွင်းချင်း ပိုလန်နိုင်ငံကို ယာယီပြောင်းရွှေ့ဖို့ အမေရိကန်အစိုးရက ညွှန်ကြားခဲ့ကြောင်း ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုခဲ့ပါတယ်။

ယူကရိန်းကို စစ်တပ်တွေစေလွှတ်ဖို့ ရုရှားက အမိန့်ပေးခဲ့တဲ့နောက်ပိုင်းမှာ အမေရိကန်က ခုလိုညွှန်ကြားခဲ့တာပါ။ ယူကရိန်းက အမေရိကန်သံရုံးကို ကီယက်ဗ်မြို့တော်ကနေ နိုင်ငံအနောက်ပိုင်း လဗစ်မြို့တော်ဆီ ပြောင်းရွှေ့ဖို့ ယခင်က ညွှန်ကြားခဲ့ပြီး ဖြစ်ပေမယ့် အခုတစ်ကြိမ်ကတော့ လဗစ်မြို့တော်ကနေ နေတိုးအဖွဲ့ဝင်လည်းဖြစ်၊ ဥရောပသမဂ္ဂ အဖွဲ့ဝင်လည်းဖြစ်တဲ့ ပိုလန်နိုင်ငံကို ထပ်မံပြောင်းရွှေ့ဖို့ ညွှန်ကြားတာ ဖြစ်ပါတယ်။

ရုရှားသမ္မတ ဗလာဒီမာပူတင်က ဖေဖော်ဝါရီလ ၂၁ ရက်နေ့ အစောပိုင်းမှာ ယူကရိန်းနိုင်ငံထဲက ခွဲထွက်လိုတဲ့ လူးဟန့်စ်ခ်နဲ့ ဒွန်းတက်စ်ခ် ပြည်နယ်တွေကို လွတ်လပ်တဲ့နယ်မြေတွေအဖြစ် ရုရှားက အသိအမှတ်ပြုကြောင်း ကြေညာခဲ့ပြီး “”ငြိမ်းချမ်းရေးထိန်းသိမ်းဖို့”” တပ်တွေ စေလွှတ်မယ့်အကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

အမေရိကန်နဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံတွေကတော့ ဒီလုပ်ရပ်ကို ရှုတ်ချပြီး မြန်မြန်ဆန်ဆန် တုံ့ပြန်ပါ့မယ်လို့ ကတိပေးခဲ့ကြပါတယ်။ ယူနိုက်တက် ကင်းဒမ်းကတော့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ ရုရှားကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ဖို့ရှိကြောင်း ထုတ်ပြန်ခဲ့ပါတယ်။