၁၈ ၊ ဖေဖော်ဝါရီလ ၊ ၂၀၂၂။
စစ်အုပ်စုအနေနဲ့ အာဏာကို ပြန်ထိန်းချုပ်နိုင်မယ့် အနေအထားမျိုး ပြန်ဖြစ်လာဖို့ မလွယ်တော့ဘူးလို့ အမေရိကန် ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Kin Moy က ပြောပါတယ်။
အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီမှာ အာရှပစိဖိတ်၊ အာရှအလယ်ပိုင်းနဲ့ လက်နက်လျှော့ချရေး ဆပ်ကော်မတီက စီစဉ်ပေးတဲ့ အာဏာသိမ်းအပြီး တနှစ်အကြာ မြန်မာပြည်အကြောင်း လွှတ်တော်ကြားနာပွဲမှာ သူကအဲဒီလိုပြောကြားခဲ့ကြောင်း VOA ကဖော်ပြပါတယ်။
မြန်မာပြည်သူတွေ ဟာ ဒီမိုကရေစီအရသာကို ပြန်လိုချင်စိတ် ပြင်းပြနေတာကြောင့် နိုင်ငံတကာနဲ့ လက်တွဲကူညီသွားမယ်လို့ အမေရိကန် ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားပါတယ်။
ဒါ့အပြင် မြန်မာပြည်သူတွေ လိုလားတဲ့ ဒီမိုကရေစီ ပြန်ဖော်ဆောင်နိုင်ဖို့ အမေရိကန်အစိုးရအနေနဲ့ တရုတ်ရော အိန္ဒိယနဲ့ပါ ညှိနှိုင်းလာနိုင်ပြီလို့ သူက ဆက်ပြောပါတယ်။
USAID အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ ဒုလက်ထောက်အုပ်ချုပ်ရေးမှူး Craig Hart ကလည်း မြန်မာ့ ဒီမိုကရေစီနဲ့ လူမူစီးပွားဖွံဖြိုးတိုးတက်ခဲ့မှုတွေဟာ တနှစ်အတွင်း မထင်မှတ်ထားတဲ့အထိ ထိခိုက်ပျက်စီးသလို လူသားချင်းစာနာမူအကူအညီ များစွာပေးဖို့လိုနေပြီလို့ ဆိုပါတယ်။
လူသားချင်းစာနာရေးအကူအညီတွေ လိုအပ်သူတွေ လက်ထဲ ရောက်ရှိရေးကို အကြမ်းဖက် စစ်တပ်က ပိတ်ဆို့နေတဲ့အတွက် အကူအညီတွေရောက်ရှိရေးအတွက် ဖိအားဆက်ပေးနေရတယ်လို့ အမေရိကန် ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ ‘မြန်မာနယ်စပ်တလျှောက် လိုအပ်နေတဲ့ အကူအညီပေးရေးအတွက် ထိုင်းနိုင်ငံရဲ့ အကူအညီ ရရှိအောင် ကြိုးစားထားသလို လူ့အခွင့်အရေးချိုးဖောက်ခံရသူတွေကို ကူညီပေးဖို့နဲ့ ပြည်တွင်းမှာ ဖိနှိပ်ခံနေရတဲ့ သတင်းမီဒီယာလုပ်ငန်းတွေကိုပါ ကူညီပေးနိုင်ရေး ဆက်လက် လုပ်ဆောင်သွားမယ်လို့ Craig Hart က ပြောပါတယ်။
” စစ်အာဏာသိမ်းမှုကြောင့် ဒုက္ခ ရောက်နေသူတွေဆီ လိုအပ်တဲ့ပစ္စည်းတချို့နဲ့ ဝန်ဆောင်မှုတချို့ကို အကောင်းဆုံး ဘယ်လို ပို့ပေးနိုင်မလဲဆိုတာ နားလည်နိုင်ဖို့ ကျနော်တို့မှာ မိတ်ဖက်နိုင်ငံတွေနဲ့ ဆက်ဆံရေးတွေ ရှိထားပြီးဖြစ်ပါတယ်’လို့ သူကဆက်ပြောပါတယ်။