လေးကေကော်ဒေသ ဒီဇင်ဘာ ၁၈ရက် နေ့လည်ပိုင်းအထိ အခြေအနေ

၁၈၊ ဒီဇင်ဘာလ၊ ၂၀၂၁။

လေးကေကော် အမြှောက်ကုန်း (လက်နက်ကြီးကုန်း)နေရာမှာ ရိက္ခာပြတ်လပ်နေတဲ့ အကြမ်းဖက်စစ်အုပ်စုတွေဟာ ဒီကနေ့ ဒီဇင်ဘာလ ၁၈ရက်နေ့ မနက်ပိုင်းမှာ သောက်ရေဆင်းခပ်ရာကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက စောင့်ဆိုင်း ပစ်ခတ်ခဲ့တာကြောင့် စစ်အုပ်စုက ၁ဦးသေဆုံးပြီး ၁ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

နှစ်ဖက် တပ်ဖွဲ့တွေ စစ်ရေးအရ ရင်ဆိုင်နေကြတဲ့ အနေအထားရှိနေပြီး လမ်းမကြီးတွေပေါ်မှာ ဖြတ်သန်း သွားလာမှုတွေ ပိတ်ပင်ထားတယ်လို့ သိရပါတယ်။

လေးကေကော်မြောက်ဘက်မှာရှိတဲ့ မယ်ထော်သလေးကျေးရွာကို သိမ်းထားနိုင်ပြီး နယ်ခြားစောင့်တပ် BGF တပ်နယ်(၃) တပ်ရင်း(၁၀၂၂) ဗိုလ်မှူးစောမုတ်သုန်တပ်ဖွဲ့ အခြေစိုက်ရာ မေတ္တာလင်းမြိုင်ရွာမှာရှိတဲ့ BGFနဲက စစ်အုပ်စု ပူးပေါင်းစစ်ကြောင်း အထိုင်ချထားတဲ့နေရာကို KNLAနဲ့ KNDOက ဆက်လက်ပိတ်ဆို့ထားတယ်လို့ သိရပါတယ်။

မနေ့က ဒီဇင်ဘာလ ၁၇ရက်နေ့ ညဦးပိုင်းမှာ စစ်အုပ်စုက လေယာဉ် ၅ကြိမ်ထက်မနည်း လာရောက်ပျံဝဲခဲ့ပြီး ဒီကနေ့ နေ့လည် ၁၁နာရီ ၃၀မိနစ်ခန့်မှာလည်း လေယာဉ်တစ်စီး လာရောက်ပျံသန်းခဲ့ပါတယ်။

ဒ့ါပြင် စစ်အုပ်စု စစ်ကားတွေနဲ့ တင့်ကားတွေဟာလည်း လေးကေကော်ဒေသဘက်ကို တက်လာနေတယ်လို့ မြေပြင်သတင်းတွေအရ သိရပါတယ်။
Credit-KIC