၁၃၊ ဒီဇင်ဘာလ၊ ၂၀၂၁။
အိန္ဒိယဝန်ကြီးချုပ် မိုဒီရဲ့ တွစ်တာအကောင့်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်နေ့ တနင်္ဂနွေနေ့မှာ ဟက်ကာသမားတွေရဲ့ လက်ချက်နဲ့ ထိန်းချုပ်ခံခဲ့ရပါတယ်။
Follower သန်း ၇၀ ကျော်ရှိတဲ့ ဝန်ကြီးချုပ် မိုဒီရဲ့ ကိုယ်ပိုင်အကောင့်မှာတော့ အဲ့ဒီနေ့က ဟက်ကာသမားတွေအနေနဲ့ အိန္ဒိယနိုင်ငံတွင်း Bitcoin တွေ ဖြန့်ဝေပေးမယ်လို့ ရေးသားခဲ့သလို Bitcoin 500 BTC ကို တရားဝင် တင်ဒါအဖြစ်နဲ့ လက်ခံလိုက်ပြီလို့ ရေးတင်ခဲ့တာပါ။
တွစ်တာ အသုံးပြုသူတွေဟာ အိန္ဒိယအစိုးရရဲ့ အခုလို အသိပေးချက်ကြောင့် အံ့အားသင့်ခဲ့ကြပြီး အိန္ဒိယဝန်ကြီးချုပ်ရဲ့ တွစ်တာအကောင့်ဟာ အဟက်ခံရပြီလားဆိုတဲ့ သုံးသပ်မှုတွေ ရှိခဲ့ပါတယ်။
အမှန်တကယ်လည်း ဝန်ကြီးချုပ်မိုဒီရဲ့ အကောင့်ဟာ ဟက်ကာသမားတွေရဲ့ ထိန်းချုပ်မှုကို ခံလိုက်ရတာဖြစ်ပြီး မကြာခင်အချိန်အတွင်းမှာ ဖြစ်ရပ်အတွက် ဖြေရှင်းချက် ထုတ်ပြန်ခဲ့ပါတယ်။
ဝန်ကြီးချုပ် မိုဒီရဲ့ အကောင့်အဟက်ခံရချိန်မှာ ရေးတင်တဲ့ ရေးသားချက်မှန်သမျှကို လျစ်လျူရှုဖို့လည်း အိန္ဒိယဝန်ကြီးချုပ်ရုံးက ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ပဲ ချက်ချင်း အသိပေးခဲ့တာပါ။
Bitcoin ဟာ ကွန်ပျူတာလျှို့ဝှက်နည်းပညာကို အသုံးပြုထားတဲ့ ဒီဂျစ်တယ် ငွေကြေးအမျိုးအစား ကုဒ်တစ်ခုဖြစ်ပါတယ်။
ကမ္ဘာအနှံ့မှာ အသုံးပြုမှု များပြားနေပေမယ့် တရားဝင် ခွင့်ပြုထားတဲ့ နိုင်ငံဟာ ရှားပါးလွန်းပြီး လက်ရှိမှာ အယ်ဆာဗေးဒိုးနိုင်ငံတစ်နိုင်ငံသာ Bitcoin ကို တရားဝင်တင်ဒါအဖြစ် အသုံးပြုနေတဲ့ နိုင်ငံအဖြစ် ရှိနေတာပါ။
အခုအခါမှာတော့ အိန္ဒိယဝန်ကြီးချုပ် မိုဒီရဲ့ တွစ်တာအကောင့်ကို လုံခြုံအောင် ပြန်လည် ပြုလုပ်ထားနိုင်ပြီလို့ ဝန်ကြီးချုပ်ရုံးက အသိပေးထားပါတယ်။