၉၊ဒီဇင်ဘာလ၊ ၂၀၂၁။
အိန္ဒိယနိုင်ငံရဲ့ ကာကွယ်ရေး ဦးစီးချုပ် ဘီပင်ရာဝက် စီးနင်းလိုက်ပါလာတဲ့ ရဟတ်ယာဉ်ဟာ ကူနိုမြို့အနီးမှာ ပျက်ကျသွားခဲ့တယ်လို့ ဖော်ပြအပြီး အဲ့ဒီ ရဟတ်ယာဉ်ပေါ်မှာ လိုက်ပါစီးနင်းလာသူ ၁၄ ဦးအနက် ကာကွယ်ရေး ဦးစီးချုပ် ဘီပင်ရာဝက် အပါအဝင် ၁၃ ဦးက သေဆုံးခဲ့တာပါ။
The Time Of India သတင်းဌာနရဲ့ ဖော်ပြချက်အရ ကာကွယ်ရေးဦးစီးချုပ် ဘီပင်ရာဝက်ဟာ လေယာဉ်ပျက်ကျခဲ့တဲ့အချိန်မှာ အသက်ရှင်နေသေးပြီး ဆေးရုံပို့ဆောင်စဉ်မှာ သေဆုံး သွားခဲ့တာဖြစ်တယ်လို့ ဖော်ပြပါတယ်။
ရုရှားနိုင်ငံထုတ် Mi-17V5 အမျိုးအစား ရဟတ်ယာဉ်ကို စီးနင်းခဲ့တဲ့ ကာကွယ်ရေး ဦးစီးချုပ် ဘီပင်ရာဝက်ဟာ တမီလ်နာဒူး ပြည်နယ်မှာရှိတဲ့ ကာကွယ်ရေးဝန်ထမ်း ကောလိပ်ကျောင်းတခုကို သွားရင်း လမ်းခုလပ်မှာ ရဟတ်ယာဉ် ပျက်ကျခဲ့တာပါ။
“ငါတို့ အသက်ရှင်သူ နှစ်ဦးကို ကယ်တင်နိုင်ခဲ့တယ်။ အဲ့ဒီထဲက တစ်ဦးကတော့ ဘီပင်ရာဝက်ဖြစ်ပါတယ်။ သူက အသံခပ်အုပ်အုပ်နဲ့ သူ့နာမည်ကို ပြောပါတယ်။ သူ့ကို ဆေးရုံပို့ဆောင်စဉ်မှာပဲ အသက်ဆုံးရှုံးခဲ့ရတာပါ”လို့ ကယ်ဆယ်ရေးသမားတစ်ဦးက ပြောကြားခဲ့ပါတယ်။
အိန္ဒိယကာကွယ်ရေး ဦးစီးချုပ် ဘီပင်ရာဝက်ဟာ အိန္ဒိယစစ်တပ်တစ်ခုလုံးကို တိုးတက်အောင်ပြုလုပ်ပေးနိုင်တဲ့ ကာကွယ်ရေး ဦးစီးချုပ်တစ်ဦးအဖြစ် ကျော်ကြားသူဖြစ်ပါတယ်။ လေယာဉ်ပျက်ကျမှုကြောင့် သူ့ရဲ့ အမျိုးသမီးဖြစ်သူလည်း အသက်ဆုံးရှုံးခဲ့ပါတယ်။