အမေရိကန် ဗုံးကြဲလေယာဉ်တွေ ရုရှားနယ်နိမိတ်အနား ချဉ်းကပ်ခဲ့ပြီး နျူတိုက်ခိုက်လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီး စွပ်စွဲ

၂၄၊ နိုဝင်ဘာလ၊ ၂၀၂၁။

အခုလ နိုဝင်ဘာ အစောပိုင်းမှာ အမေရိကန်ဘက်က ဗုံးကြဲလေယာဉ်တွေအနေနဲ့ ရုရှားနိုင်ငံရဲ့ ပိုင်နက် နယ်နိမ်မိတ်နားကို ချဉ်းကပ်ခဲ့ပြီး နျူကလီးယားတိုက်ခိုက်မှုအတွက် လေ့ကျင့်ရေးတွေ ပြုလုပ်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေးရှိူးဂူက စွပ်စွဲပြောဆိုလိုက်ပါတယ်။

ဒီစွပ်စွဲမှုကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၃ ရက်နေ့၊ အင်္ဂါနေ့က ထုတ်ပြန်အသိပေးခဲ့တာဖြစ်ပါတယ်။ အမေရိကန် ဗုံးကြဲလေယာဉ်တွေဟာ ရုရှားနယ်နိမိတ်ရဲ့ ၂၀ ကီလိုမီတာအကွာအဝေးထိ ရောက်ရှိလာခဲ့ပြီး လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။

အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်ကတော့ ဒီလေ့ကျင့်မှုတွေအတွက် ဟုတ်မှန်ကြောင်း အတည်ပြု အသိပေးခဲ့ပြီး နိုင်ငံတကာက သတ်မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ လေ့ကျင့်ခဲ့တာဖြစ်တယ်လို့ အသိပေးခဲ့ပါတယ်။

ရုရှားဘက်ကတော့ အမေရိကန်၊ ယူကရိန်းနဲ့ နေတိုးအဖွဲ့တွေဟာ မော်စကိုကို တလှည့်စီ ရန်စနေတာဖြစ်တယ်လို့ အသိပေးခဲ့ပြီး အခုစွပ်စွဲမှုဟာလည်း ယူကရိန်းနဲ့ ပတ်သက်လို့ ရုရှား-အမေရိကန် နှစ်နိုင်ငံ တင်းမာနေချိန်မှာ ချိန်သားကိုက် ပေါ်ထွက်လာခဲ့တာလည်း ဖြစ်ပါတယ်။

အမေရိကန် ဗုံးကြဲလေယာဉ် ၁၀ စင်းဟာ နျူကလီးယားတိုက်ခိုက်မှု လေ့ကျင့်ရေးတွေကို ပြုလုပ်ခဲ့ပြီး အကြိမ်ရေ ၃၀ အထိ ပျံသန်းမောင်းနှင် လေ့ကျင့်ခဲ့တာဖြစ်တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးက အသိပေးခဲ့တာပါ။

ရုရှားအစိုးရအနေနဲ့ အမေရိကန်ရဲ့ အခုနောက်ပိုင်း လှုပ်ရှားမှုတွေကို သတိပြုမိလာတာ ကြာခဲ့ပြီဖြစ်သလို အခုလို ရုရှားပိုင်နက် နယ်နိမိတ်နားအထိ ဗုံးကြဲလေယာဉ်တွေ ပျံသန်းမှု ပြုလုပ်ခဲ့တာဟာ မနှစ်ကထက် ၂.၅ ဆ ပိုများခဲ့တာဖြစ်တယ်လို့ ရုရှားကာကွယ်ရေး ဝန်ကြီးက ထုတ်ပြန်အသိပေးခဲ့ပါတယ်။