၂၀၊ နိုဝင်ဘာလ၊ ၂၀၂၁။
သတင်းသမားများအကာအကွယ်ပေးရေးကော်မတီ(CPJ)ကချီးမြှင့်တဲ့ သတင်းလွတ်လပ်ခွင့်ဆုကို နိုင်ငံတကာက သတင်းသမား၃ဦးနဲ့အတူ DVBသတင်းဌာနရဲ့ အယ်ဒီတာချုပ် ဦးအေးချမ်းနိုင်လည်း ရရှိခဲ့ပါတယ်။
အမေရိကန်နိုင်ငံ၊နယူယောက်မြို့အခြေစိုက် CPJ ရဲ့ နိုင်ငံတကာ သတင်းလွတ်လပ်ခွင့်ဆုကို ဦးအေးချမ်းနိုင်နဲ့အတူ ဘယ်လာရုဇ်၊ ဂွါတီမာလာနဲ့ မိုဇမ်ဘစ်နိုင်ငံတွေက သတင်းသမားတွေလည်း ချီးမြှင့်ခံခဲ့ရပါတယ်။
ဦးအေးချမ်းနိုင်ကသတင်းလွတ်လပ်ခွင့်ရဖို့အတွက် ဆက်လက်တိုက်ပွဲဝင်သွားမှာလို့ပြောကြားခဲ့သလို အာဏာသိမ်းကာလ၁၀လနီးပါးအချိန်ထိ အကြမ်းဖက်စစ်အုပ်စုဟာ မြန်မာပြည်သူတွေကို အသံတိတ်အောင် ဘယ်လိုမှ လုပ်လို့မရဘူးဆိုပါတယ်။ဒါ့အပြင် အနာဂတ်ဟာ အတော့်ကို တောက်ပလာနေပြီလို့ထင်ကြောင်းလည်း ပြောပါတယ်။
ဦးအေးချမ်းနိုင်ကို ဒီဆုချီးမြှင့်တာဟာ အခက်အခဲအန္တရာယ်ကြားမှာ ကြောက်ရွံ့ တွန့်ဆုတ် ခြင်းမရှိဘဲ ဆယ်စုနှစ်ပေါင်းများစွာကြာ သူလုပ်ခဲ့တဲ့ သတင်းလုပ်ငန်းကို အသိအမှတ်ပြုရုံသာမက သတင်းသမားလုပ်ရတာ ဘယ်တုန်းကနဲ့မှမတူအောင် အန္တရာယ်ကြီးတဲ့ အချိန်အတွင်း မြန်မာနိုင်ငံမှာ ဘာတွေဖြစ်နေတယ်ဆိုတာ ကမ္ဘာကသိအောင် ဆက်လက်လုပ်ဆောင်ခဲ့ကြတဲ့ သူနဲ့ DVB ရဲ့ ခိုင်မာတဲ့သန္နိဋ္ဌာန်ကိုပါ အသိအမှတ်ပြုတာလို့ CPJ ကပြောပါတယ်။
CPJရဲ့သတင်းလွတ်လပ်ခွင့်ဆုကို ၂၀၀၄ ခုနှစ်မှာ အဲဒီအချိန်က အကျဉ်းကျနေကြတဲ့ ကဗျာဆရာမောင် အောင်ပွင့်(အခုကွယ်လွန်)နဲ့ ကဗျာဆရာ ငြိမ်းသစ်တို့ရရှိခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ ဧရာဝတီသတင်းဌာနရဲ့ အယ်ဒီတာချုပ် ဦးအောင်ဇော်လည်းရရှိခဲ့ဖူးပါတယ်။