
၁၇၊ နိုဝင်ဘာ၊ ၂၀၂၁။
ဆော်ဒီအာရေဗျနိုင်ငံအခြေစိုက် စီးပွားရေးလုပ်ငန်းစုကနေပြီး နယူးကာဆယ်ကို ဝယ်ယူသွားခဲ့တဲ့ကိစ္စရပ်ကို ထိပ်တန်းကလပ်အသင်းတွေဘက်ကနေ ပြင်းပြင်းထန်ထန် ဝေဖန်လာခဲ့အပြီးမှာ ပရီးမီးယားလိဂ်ဥက္ကဋ္ဌ ဂယ်ရီဟော့ဖ်မန်းက ရာထူးနုတ်ထွက်ဖို့ ဆုံးဖြတ်ချက် ချမှတ်လိုက်တယ်လို့ သိရှိရပါတယ်။
နယူးကာဆယ်အသင်းကို ဆော်ဒီအာရေဗျ အိမ်ရှေ့မင်းသား ဘင်ဆယ်လ်မန်း ကျောထောက်နောက်ခံပြုတဲ့ စီးပွားရေးလုပ်ငန်းစုကနေ ဝယ်ယူလိုက်တာဖြစ်ပြီး အဲ့ဒီအရောင်းအဝယ်ကိစ္စအတွက် ပရီးမီးယားလိဂ်အသင်းအများစုက မကျေနပ်မှုတွေ ရှိနေဆဲပဲဖြစ်ပါတယ်။
ဆော်ဒီအာရေဗျအိမ်ရှင်မင်းသား ဘင်ဆယ်လ်မန်းဟာ လူ့အခွင့်အရေးချိုးဖောက်မှု၊ သတင်းထောက် ခါရှော်ဂီကို လုပ်ကြံသတ်ဖြတ်မှုမှာ နောက်ကွယ်ကနေ ပါဝင်ပတ်သက်ခဲ့မှုတွေကြောင့် နာမည်ပျက်ရှိထားသူဖြစ်ပြီး အဲ့ဒီလိုပုဂ္ဂိုလ်မျိုးရဲ့ရင်းနှီးမြှုပ်နှံမှုကို ခွင့်ပြုလိုက်တဲ့အတွက် ဥက္ကဋ္ဌ ဂယ်ရီဟော့ဖ်မန်းက ဝေဖန်ခံလိုက်ရတာပဲဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ကလပ်အသင်းပေါင်းများစွာဟာ နယူးကာဆယ်အသင်းကို ဆော်ဒီအာရေဗျအိမ်ရှေ့မင်းသား ကျောထောက်နောက်ခံပြုထားတဲ့ စီးပွားရေးလုပ်ငန်းစုကနေ ဝယ်ယူသွားပြီးတဲ့နောက်မှာ ဥက္ကဋ္ဌ ဂယ်ရီဟော့ဖ်မန်းကို အယုံအကြည် မရှိတော့ကြောင်း အဆိုတင်သွင်းလာခဲ့ကြပြီး ဖိအားတွေနဲ့ ဆက်တိုက်ဆိုသလို ရင်ဆိုင်လာရအပြီးမှာ ဂယ်ရီဟော့ဖ်မန်းက ရာထူးကနေ နုတ်ထွက်မယ့်ဆုံးဖြတ်ချက်ကို ချမှတ်သွားခဲ့တာပဲဖြစ်ပါတယ်။
ဂယ်ရီဟော့ဖ်မန်းဟာ ပရီးမီးယားလိဂ်ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ပြီးတဲ့နောက် ၁၈ လအကြာမှာပဲ ရာထူးကနေ နုတ်ထွက်ဖို့ ဆုံးဖြတ်ချက်ကို ချမှတ်လိုက်ရတာဖြစ်ပါတယ်။