၉၊ နိုဝင်ဘာလ၊ ၂၀၂၁။
အိန္ဒိယနိုင်ငံ အလယ်ပိုင်းမှာရှိတဲ့ ကာမာလာနေရူး ဆေးရုံမှာ မီးလောင်မှုဖြစ်လို့ မွေးကင်းစကလေးငယ် ၄ ဦးသေဆုံးသွားခဲ့ရတယ်လို့ NDTV သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ဒီမီးလောင်မှုဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်၊ တနင်္လာနေ့က ဖြစ်ပွားခဲ့တာဖြစ်ပြီး မွေးကင်းစကလေးငယ်တွေ သီးသန့်ထားရှိတဲ့ ဌာနမှာ ဖြစ်ခဲ့တာပါ။
မီးလောင်မှုဖြစ်ပွားနေချိန်အတွင်းမှာ မီးသတ်တာဝန်ရှိသူတွေအနေနဲ့ ဆေးရုံဝန်ထမ်းတွေနဲ့အတူ ကျန်ရှိနေတဲ့ ကလေးငယ်တွေကို ဘေးလွတ်ရာကို အချိန်မီရွှေ့ပြောင်းပေးနိုင်ခဲ့ပါတယ်။
မီးလောင်မှုဟာ ဝါယာရှော့ဖြစ်တာကတဆင့် ဖြစ်ပွားခဲ့တာလို့ ကနဦးသုံးသပ်မှုတွေ ရှိနေကြသလို ဒေသခံအာဏာပိုင်တွေက ဒီမီးလောင်မှုအတွက် စုံစမ်းစစ်ဆေးဖို့ တာဝန်ရှိသူတွေကို အမိန့်ပေးထားပြီးဖြစ်ပါတယ်။
မီးလောင်ကျွမ်းခဲ့တဲံ့ ကာမာလာနေရူး ဆေးရုံမှာ ကလေးငယ် စုစုပေါင်း ၄၀ ဦးရှိပြီး ၃၆ ဦးကိုတော့ အချိန်မီ ကယ်တင်နိုင်ခဲ့တာပါ။ ဘိုပေါလ်မြို့ရဲ့ အာဏာပိုင်တွေကတော့ ကလေးငယ်တွေအနေနဲ့ အရွယ်မတိုင်ခင် အခုလို သေဆုံးခဲ့ရလို့ မိသားစုနဲ့ ထပ်တူ ဝမ်းနည်းခဲ့ရတယ်လို့အသိပေးထုတ်ပြန်ထားပါတယ်။