၈၊ အောက်တိုဘာလ၊ ၂၀၂၁။
အိန္ဒိယအခြေစိုက် Adani ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန်လီမိတက် APSEZ ဟာ မြန်မာနိုင်ငံမှာ သူတို့တည်ဆောက်နေဆဲဖြစ်တဲ့ ကုန်သေတ္တာအတင်အချ ဆိပ်ကမ်းလုပ်ငန်း စီမံကိန်းကို ပြန်ဝယ်ယူမယ့်သူ လိုက်ရှာနေတယ်လို့သိရပါတယ်။
ရန်ကုန်တိုင်းမှာ တည်ဆောက်နေတဲ့ အဲဒီစီမံကိန်းအတွက် ဒေါ်လာ သန်း ၁၅၀ ရင်းနှီးမြှုပ်နှံထားပြီး ဒီစီမံကိန်းကို ဖျက်သိမ်းမှာမဟုတ်ဘဲ အခုဘဏ္ဍာရေးနှစ်မကုန်ခင် ရောင်းချနိုင်မယ်လို့ မျှော်လင့်ကြောင်းကုမ္ပဏီအမှုဆောင်အရာရှိချုပ် Karan Adani ကပြောကြားတယ်လို့ VOA ကဖော်ပြပါတယ်။
ဒီစီမံကိန်းကို ဝယ်ဖို့ မြန်မာစီးပွားရေးလုပ်ငန်းရှင်တွေ နဲ့ အမေရိကန် ဒဏ်ခတ်မှုကို မစိုးရိမ်တဲ့ တရုတ်ကုမ္ပဏီတွေ စိတ်ဝင်စားနိုင်ကြောင်းလည်း ပြောပါတယ်။
Adani အဖွဲ့ထဲမှာ အမေရိကန် ရင်းနှီးမြှုပ်နှံသူတွေပါ ပါဝင်နေတာကြောင့် မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဆက်လက်လုပ်ကိုင်မယ်ဆိုရင် သူတို့အတွက် ထိခိုက်မှုတွေ ရှိလာနိုင်တာကြောင့် အခုလိုရောင်းချဖို့ ကြိုးစားနေတာပါ။
အဲဒီကုန်တင်ကုန်ချဆိပ်ကမ်းဟာ အိန္ဒိယ အရှေ့နဲ့ တောင်ဘက်ကမ်းရိုးတန်းတွေက ဆိပ်ကမ်းတွေနဲ့ ဆက်နွှယ်နေတာကြောင့် တောင်အာရှဒေသတွင်း သယ်ယူပို့ဆောင်ရေးအတွက် အရေးပါလာနိုင်သလို အိန္ဒိယအစိုးရအတွက်လည်း တရုတ် ပိုးလမ်းမစီမံကိန်းနဲ့ ပါကစ္စတန်နဲ့ သီရိလင်္ကာနိုင်ငံ ဆိပ်ကမ်းတွေက ရင်းနှီးမြှုပ်နှံမှုတွေအတွက် ပထဝီနိုင်ငံရေးအရ ထိန်းနိုင်မယ့် နေရာတခုလည်း ဖြစ်လာနိုင်တာပါ။