စစ်အုပ်စုက အင်ငုတ်တိုရွာကို ဝင်ရောက်ဖျက်ဆီး

 

ကန့်ဘလူမြို့နယ် ညောင်ကန်သာကျေးရွာအုပ်စု အင်ငုတ်တိုကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက ဝင်ရောက်ဖျက်ဆီးပြီး ဒေသခံပြည်သူတစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ကာ အလောင်းကို စွန့်ပစ်ထားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

         စစ်အုပ်စုဟာ အောက်တိုဘာလ ၃၀ရက်နေ့မှာ အင်ငုတ်တိုရွာကို ဝင်ရောက်စီးနင်းကာ ပြည်သူတွေရဲ့ နေအိမ်တွေကိုဖျက်ဆီးပြီး အဖိုးတန်ပစ္စည်းတွေကို လုယူနေစဉ် ရှောင်ပုန်းနေတဲ့ ဒေသခံ ဦးသိန်းလင်းကိုတွေ့ရှိဖမ်းဆီးကာ နှိပ်စက်သတ်ဖြတ်ပြီးနောက် အောက်တိုဘာလ ၃၁ရက်နေ့ မနက်ပိုင်းမှာ ကျေးရွာအနီး လယ်ကွင်းထဲမှာ စွန့်ပစ်ခဲ့တယ်လို့ သိရပါတယ်။

         “ဦးသိန်းလင်းက သူ့ဘာသာ လယ်လုပ်နေတဲ့သူ လယ်ထဲမှာပုန်းနေတာကို တွေ့သွားပြီးတော့ ဖမ်းသွားတာ မနေ့က နေ့လည်ပိုင်းလောက်မှာ နှိပ်စက်ခံထားရပြီး သေဆုံးနေတဲ့ သူ့အလောင်းကို လယ်ကွင်းထဲမှာတွေ့တာ ၊ စစ်တပ်က ရွာကိုလည်း ဖျက်ဆီးသွားတယ်၊ ဘာလို့ ရွာကို အဲ့လိုဝင်ပြီးလုပ်သွားလဲဆိုတာ မသိဘူး”လို့ အင်ငုတ်တိုကျေးရွာအနီးကျေးရွာက ဒေသခံတစ်ဦးကပြောပါတယ်။

         အကြမ်းဖက်စစ်အုပ်စုဟာ စစ်ကိုင်းတိုင်းအတွင်းမှာ အင်အားအများအပြားနဲ့ စစ်ရေးလှုပ်ရှားနေပြီး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေထဲမှာ ရှုံးနိမ့်ပြီးနောက် ပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေကို ဖျက်ဆီးကာ ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။