မီးဖြတ်တာနဲ့ အဓမ္မမီတာခကောက်ခံနေသူတွေကို NUG နောက်ဆုံးအကြိမ်သတိပေး

၂၆၊ အောက်တိုဘာလ၊ ၂၀၂၁။

လျှပ်စစ်မီးဖြတ်တောက်ခြင်းနဲ့ အဓမ္မဓာတ်အားခကောက်ခံနေသူတွေကို အမျိုးသား ညီညွတ်ရေး အစိုးရကနောက်ဆုံးအနေနဲ့ လေးနက်ပြင်းထန်စွာ သတိပေးလိုက်ကြောင်း ထုတ်ပြန်လိုက်ပါတယ်။

NUG အစိုးရရဲ့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက မနေ့က သတိပေးချက်ထုတ်ပြန်လိုက်တာပါ။

လျှပ်စစ်ဝန်ထမ်းတချို့ဟာ CDM အဖြစ်မပါတဲ့အပြင် စစ်အုပ်စုယန္တယားလည်ပတ်နိုင်ရေးအတွက် မီတာခကောက်ခံနေတာကြောင့်အခုလိုသတိပေးစာ ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်းဖော်ပြထားပါတယ်။

အခုလို သတိပေးတားမြစ်တဲ့ကြားက ဆက်လက်ဆောင်ရွက်ပါက ညွှန်ကြားသူအဆင့်ဆင့်နဲ့ ဆောင်ရွက်သူအဆင့်ဆင့်တို့ကို နိုင်ငံ့ဝန်ထမ်းဥပဒေနဲ့ နိုင်ငံတော်ရဲ့ ကျေးဇူးကို ဖောက်ဖျက်ပုန်ကန်မှုအဖြစ်အရေးယူခံရမယ်လို့လည်း ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ မြန်မာနိုင်ငံအနှံ့မှာ စစ်တပ်အင်အားသုံး ခြိမ်းခြောက်ပြီး မီတာစာရွက်လိုက်ဝေတာမျိုး ရှိသလို မီတာမဆောင်တဲ့အိမ်တွေကို လျှပ်စစ်ဖြတ်တောက်တဲ့ လျှပ်စစ်ဝန်ထမ်းတွေလည်းရှိနေပါတယ်။

ဒါ့ကြောင့် မြို့တော်တော်များများက လျှပ်စစ်ရုံးတွေကို ဒေသခံပြောက်ကျားတွေက ဗုံးဖောက်ခွဲနေပေမဲ့ လျှပ်စစ်ဝန်ထမ်းအချို့ဟာ ဆက်လက်လုပ်မြဲလုပ်နေဆဲပါပဲ။