၂၅၊ အောက်တိုဘာလ၊ ၂၀၂၁။
မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ယူအသင်းက လီဗာပူးလ်အသင်းကို အိမ်ကွင်းမှာ ၅ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့လို့ အသင်းဂန္ထဝင်နည်းပြဟောင်း ဖာဂူဆန်ကိုယ်တိုင် ရလဒ်ကို မယုံနိုင်အောင်ဖြစ်ခဲ့ပြီး အသင်းခြေစွမ်းအပေါ်မှာ စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ပါတယ်။
ဖာဂူဆန်ဟာ ပွဲကြည့်စဉ်အထက်ကနေ အသင်းဂိုးပြတ်အရှုံးအတွက် သူ့ရဲ့ ဦးခေါင်းကို လှုပ်ခါနေပြီး စိတ်ပျက်နေခဲ့တာပါ။ ဒီအခြေအနေကို ကွင်းအတွင်း ဗီဒီယို ကင်မရာတွေကလည်း မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။
ဆာလားက ဟက်ထရစ်၊ ဂျိုတာနဲ့ ကီတာတို့ရဲ့ သွင်းဂိုးတွေက မန်ယူအသင်းကို နာကျင်စေခဲ့ပြီး ဒီရှုံးပွဲဟာ လီဗာပူးလ်အသင်းကို ဧည့်ခံခဲ့ရတဲ့ အိုးထရက်ဖို့ဒ်သမိုင်းတလျှောက် ချေပဂိုးမရဘဲ ဂိုးအပြတ်ဆုံး ပွဲစဉ်အဖြစ် မှတ်တမ်းဝင်ခဲ့တာပါ။
ပရီးမီးယားလိဂ်လို့ နာမည်မပြောင်းခင် ၁၉၅၅ ခုနှစ်မှာ မန်ယူအသင်းဟာ မန်စီးတီးအသင်းကို အိမ်ကွင်းမှာ အခုလို ၅ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ဖူးပါတယ်။
အင်္ဂလိပ်မီဒီယာတွေရဲ့ ရေးသားဖော်ပြချက်အရ မန်ယူနည်းပြဆိုးလ်ရှားအနေနဲ့ အစောပိုင်း ဘုတ်အဖွဲ့ဝင်တွေရဲ့ ထောက်ခံမှုကို ရရှိထားခဲ့ပေမယ့် အခုလို အရှက်ရဖွယ်အရှုံးကြောင့် ဆိုးရွားတဲ့ အခြေအနေဘက်ကို ဦးတည်နေခဲ့ပြီလို့ ဖော်ပြနေကြပါတယ်။
ဆိုးလ်ရှားကိုယ်တိုင်လည်း အသင်းရဲ့ အနေအထားဟာ ပွဲစဉ်မှာ အဆိုးရွားဆုံး အခြေအနေထိ ဖြစ်ခဲ့တယ်လို့ ဝန်ခံထားခဲ့ပေမယ့် မန်ယူအသင်းရဲ့ ပရိသတ်တွေကတော့ ဆိုးလ်ရှားရဲ့ ဦးဆောင်မှုကို အတော်လေး စိတ်ပျက်နေခဲ့တာပဲဖြစ်ပါတယ်။
လီဗာပူးလ်အသင်း ပထမပိုင်း ၄ ဂိုးနဲ့ ဦးဆောင်ထားကတည်းက အိုးထရက်ဖို့ဒ်ကွင်းအတွင်းက ပရိသတ်အချို့ဟာ ပွဲကို ဆက်မကြည့်တော့ဘဲ အိမ်ပြန်ကြတဲ့ အခြေအနေတွေပါ ဖြစ်ပေါ်ခဲ့တာပါ။
ဒီပွဲစဉ်ကို လာရောက်ကြည့်ရှုခဲ့တဲ့ လီဗာပူးလ်ဂန္ထဝင် ဆာကင်နီဒဲကလစ်ရှ်ကတော့ နိုင်ပွဲအတွက် မရပ်မနား ရယ်မောပျော်ရွှင်နေခဲ့တာကိုတွေ့မြင်ခဲ့ရပါတယ်။
မန်ယူ ဂန္ထဝင်နည်းပြ ဖာဂူဆန်က ရှုံးပွဲအတွက် မယုံကြည်နိုင်လောက်အောင်ဖြစ်နေတဲ့ အခြေအနေနဲ့ လီဗာပူးလ်ဂန္ထဝင်နည်းပြ ဆာကင်နီဒဲကလစ်ရှိရဲ့ ရယ်မောနေတဲ့ ပုံရိပ်တွေကို အင်္ဂလိပ်မီဒီယာတွေက ချိန်ထိုးဖော်ပြခဲ့တာလည်းဖြစ်ပါတယ်။