၂၃၊ အောက်တိုဘာလ၊ ၂၀၂၁။
တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဂျီလင်အကျဉ်းထောင်ကနေ ထွက်ပြေးလွတ်မြောက်သွားတဲ့ မြောက်ကိုရီးယား အကျဉ်းသားကို တရုတ်ရဲတွေ မဖမ်းနိုင်လို့ အခုအခါမှာ ဆုကြေးငွေထုတ်ပြီး ရှာဖွေဖမ်းဆီးဖို့ ပြုလုပ်လာခဲ့ပါတယ်။
တရုတ်အာဏာပိုင်တွေဟာ မြောက်ကိုရီးယားအကျဉ်းသားကို ဖမ်းဆီးမိခဲ့ရင် ဆုကြေးငွေ အမေရိကန် ဒေါ်လာ နှစ်သောင်းသုံးထောင် ပေးအပ်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။
Global Times သတင်းဌာနကတော့ မြောက်ကိုရီးယား အကျဉ်းသားဟာ ထောင်နံရံအကာအရံပေါ်တွေကနေတဆင့် ထွက်ပြေးလုပ်မြောက်သွားခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပြီး လက်ရှိမှာ သူဘယ်မှာ ရှိနေသလဲဆိုတာကိုတော့ တရုတ်အာဏာပိုင်တွေ မသိရှိသေးဘူးလို့ ရေးသားဖော်ပြထားပါတယ်။
မြောက်ကိုရီးယား အကျဉ်းသားဟာ ၂၀၁၃ ခုနှစ်နဲ့ ၂၀၁၆ ခုနှစ်တွေမှာ တရုတ်နိုင်ငံကို တရားမဝင် ဝင်ရောက်ခဲ့တဲ့ ပြစ်ဒဏ်နဲ့ ထောင်ဒဏ် ၁၁ နှစ် ကျခံနေရတဲ့ အကျဉ်းသားတစ်ဦးဖြစ်ပါတယ်။
အဲ့ဒီတုန်းက သူ့ကို တရားမဝင်နယ်စပ်ဖြတ်ကျော်မှု၊ ခိုးမှုနဲ့ လုယက်မှုတွေ စတဲ့ စွဲချက်တွေနဲ့ ပြစ်ဒဏ်ချမှတ်ခဲ့တာပါ။
မြောက်ကိုရီးယားအကျဉ်းသား ဇူဟာ အောက်တိုဘာ ၁၈ ရက်၊ တနင်္လာနေ့ ဒေသစံတော်ချိန် ညနေ ၆ နာရီမှာ လွတ်မြောက်ထွက်ပြေးသွားခဲ့တာလို့ တရုတ်အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။
လက်ရှိမှာတော့ တရုတ်အာဏာပိုင်တွေက အနီးအနားက ကျေးရွာတွေရဲ့ ဝင်ပေါက်ထွက်ပေါက်တွေကို တင်းကျပ်ပြီး ဇူကို ပိုက်စိပ်တိုက် ရှာဖွေနေကြပါတယ်။
ဒါအပြင် အကျဉ်းသားကို ကူညီပြီး တာဝန်ရှိသူတွေကို သတင်းမပို့တာအပြင် လက်ခံပြီး ဝှက်ထားတဲ့ ဘယ်သူ့ကိုမဆို တရားဥပဒေအရ အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း တရုတ်အာဏာပိုင်တွေက တစ်ပါတည်းထုတ်ပြန် အသိပေးထားပါတယ်။