ရာသီတုပ်​ကွေး ဖြစ်ပွားမှုနှုန်း မြင့်တက်လာတာ ဘာ​ကြောင့်လဲ

၁၇၊ အောက်တိုဘာလ၊ ၂၀၂၁။

မလုံခြုံတဲ့ခေတ်အခြေအနေနဲ့ လျော့ပါးနေတဲ့ဝင်ငွေကြောင့် ရာသီတုပ်ကွေးဖြစ်ပွားမှုနှုန်းဟာ ဒီလထဲမှာ ဆက်လက်မြင့်တက်နေတယ်လို့ ရန်ကုန်အခြေစိုက်ကျန်းမာရေးဝန်ထမ်းတစ်ဦးကသုံးသပ်ပါတယ်။

စစ်အာဏာရှင်တွေရဲ့ခြိမ်းခြောက်မှုမျိုးစုံကိုခံနေရတဲ့ပြည်သူတွေဟာ စိတ်ဖိစီးမှုအခြေအနေတွေအရ ညဘက် အိပ်မပျော်တဲ့ပြဿနာနဲ့ရင်ဆိုင်နေရသလို အလုပ်အကိုင်မရှိခြင်းနဲ့ ဝင်ငွေ သိသာစွာလျော့ပါးသွားတဲ့ဒဏ်ကို လည်း ရင်ဆိုင်နေရတာကြောင့် အာဟာရပြည့်ဝတဲ့အစားအစာကို မစားနိုင်တော့ဘူးလို့ သိရပါတယ်။

‘ရာသီတုပ်ကွေးဆိုတာ ကိုယ်ခံအားကောင်းရင် မဝင်နိုင်ဘူး။ဝင်လည်း မခံရဘဲ တစ်ရက်၊နှစ်ရက်နဲ့ပျောက် တယ်။ ကျွန်တော်တို့ပြည်သူတွေ အာဏာရှင်တွေကြောင့်အိပ်ကောင်းခြင်းမအိပ်ရဘူး။အလုပ်မရှိ၊ဝင်ငွေကနည်းတော့ ကောင်းကောင်းမစားနိုင်ဘူးဆိုတော့ ကိုယ်ခံအားကျတယ်။အဲဒါကြောင့် ရာသီတုပ်ကွေးဖြစ်တဲ့နှုန်းဟာ မကျဘဲ ပို မြင့်လာတယ်’လို့ သူကပြောပါတယ်။

ဩဂုတ်လကတည်းက စတင်ခဲ့တဲ့ ရာသီတုပ်ကွေးဟာ အောက်တိုဘာလဆန်းကနေ ဒီနေ့ထိတိုင် ရန်ကုန်မှာ မြင့် တက်နေဆဲဖြစ်ပြီး မိသားစုလိုက်ဖြစ်ပွားမှုနှုန်းလည်း ဒီလထဲမှာ မြင့်တက်လာတယ်လို့သိရပါတယ်။

‘ရန်ကုန်ကရပ်ကွက်ဆေးခန်းတိုင်းမှာ လူနာတွေပုံနေတယ်။သေလောက်တဲ့အထိမဟုတ်ပေမဲ့ တော်တော်ခံရ တယ်။ဖိစီးတာတွေများတဲ့အထဲ ရောဂါဖြစ်တော့ ပိုဖိစီးလာရတယ်’လို့ ကျန်းမာရေးဝန်ထမ်းကဆိုပါတယ်။

ကူးစက်မှုမြင့်တက်လာခြင်းရဲ့ အဓိကကျတဲ့ နောက်တစ်ချက်မှာ လက်မဆေးတာကြောင့်လို့ လှိုင်မြို့နယ်၂ရပ်ကွက် နေအထွေထွေရောဂါကုဆရာဝန်တစ်ဦးက ကောက်ချက်ချပါတယ်။

‘ရန်ကုန်မှာ လူလတ်တန်းစားတွေက နှာခေါင်းစည်းတပ်တုန်းပါပဲ။ဒါပေမဲ့ လက်မဆေးကြတော့ အဲဒါကနေ ကူးတယ်လို့ ထင်တယ်’လို့ သူကပြောပါတယ်။

ရာသီတုပ်ကွေးအဖြစ်အများဆုံးအသက်အရွယ်မှာ လူလတ်ပိုင်းအရွယ်တွေဖြစ်တယ်လို့သူက ဆိုပါတယ်။

‘ကျွန်တော့်စိတ်ထင် လူလတ်ပိုင်းတွေက မိသားစုစီးပွားရေးကိုဦးဆောင်ရတော့ ဒီကာလမှာသိတဲ့အတိုင်းပဲ လေ။သူတို့က ဖိစီးမှုပိုများလို့ ရောဂါကူးစက်မှုပိုများသလားပဲ’လို့ သူကထပ်ပြောပါတယ်။

လှိုင်သာယာမြို့နယ်အတွင်းမှာမူ ငွေကြေးအဆင်မပြေမှုအရ ရာသီတုပ်ကွေးပြင်းထန်သူကျမှ ဆေးခန်းပြကြ တယ်လို့သိရပါတယ်။

လှိုင်သာယာ၊ပင်လုံဈေးအနီး၊၁၄ရပ်ကွက်မှာနေထိုင်သူတစ်ဦးက ‘တော်ရုံဖြစ်တဲ့လူတွေက ဆေးဆိုင်သွားပြီး စပ် ဆေးဝယ်သောက်ကြတယ်။’လို့ ဆိုပါတယ်။