အတိုင်ပင်ခံနဲ့နိုင်ငံတော်သမ္မတရုံးချိန်းသတင်းတွေကို မထုတ်ပြန်ဖို့ ရှေ့နေအဖွဲ့ကို တားမြစ်

၁၅၊ အောက်တိုဘာလ၊ ၂၀၂၁။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်တို့ရဲ့ ရှေ့နေ ဦးခင်မောင်ဇော်ကို အမှုအခြေအနေနဲ့ ပက်သက်ပြီး ပြည်တွင်း ပြည်ပ သတင်းဌာနအားလုံးကို ဖြေကြားပြောဆိုခြင်းမပြုဖို့ စစ်အုပ်စုက တားမြစ်လိုက်ပါတယ်။

အောက်တိုဘာလ ၁၄ရက်နေ့မှာ စစ်အုပ်စုလက်အောက်ခံ ပျဉ်းမနားမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးက ပုဒ်မ ၁၄၄အမိန့်ထုတ်ပြီးတော့ ရှေ့နေအဖွဲ့ကို တားမြစ်လိုက်တာပဲဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ရုံးချိန်းတစ်ခုမှာ အကြမ်းဖက်စစ်အုပ်စုက ဖေဖေါ်ဝါရီလ ၁ရက်နေ့က အာဏာသိမ်းယူစဉ်မှာ နိုင်ငံတော်သမ္မတကို ကျန်းမာရေးအကြောင်းပြကာ နုတ်ထွက်ဖို့ လာရောက်ခြိမ်းခြောက်ခဲ့တဲ့အကြောင်း သက်သေခံထွက်ဆိုအပြီးမှာ အခုလို အမိန့်ထုတ်ပြန်လိုက်တာပဲဖြစ်ပါတယ်။

တားမြစ်မိန့်မှာ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်ဟာ သတင်းဌာနတွေနဲ့ ဆက်သွယ်ပြီး သက်သေတွေရဲ့ ရုံးရှေ့ထွက်ဆိုချက်တွေ စွပ်စွဲခံရသူတွေရဲ့ ထွက်ဆိုချက်တွေကို ထုတ်ပြန်ပြောဆိုလျက်ရှိတာဟာ ဥပဒေနဲ့အညီ ဆောင်ရွက်ရတဲ့ ပုဂ္ဂိုလ်တစ်ဦးဦးကို နှောင့်ယှက်မှု သို့မဟုတ် ထိခိုက်နာကျင်ဆုံးရှုံးမှုနဲ့ အများပြည်သူတွေရဲ့ ငြိမ်ဝပ်မှု၊ ရုန်းရင်းဆန်ခတ်ဖြစ်မှုတို့ကို ဖြစ်ပေါ်စေနိုင်တာကြောင့် တားမြစ်ထုတ်ပြန်တာလို့ အကြောင်းပြချက်ပေးထားပါတယ်။

“အဓိပ္ပါယ်လုံးဝမရှိတဲ့ လုပ်ရပ်ပါ မတရားအမှုဖွင့်တယ် မတရားစွဲဆိုထားတယ်၊ ဒါကို စစ်ချင်သလိုစစ်မယ် အမိန့်ချချင်သလိုချဖို့ လုပ်ဆောင်တာ၊ တရားရေးကို အုပ်ချုပ်ရေးက ဝင်ရောက်အုပ်စိုးတာ၊ အမှုရင်ဆိုင်နေသူတွေဟာ နိုင်ငံတော်အဆင့် ပုဂ္ဂိုလ်တွေပါ သတင်းကို ပုံမှန်ထုတ်ပြန်ရမယ်၊ သူတို့စွပ်စွဲတာဟာ မှန်နေတယ်ဆိုရင် ပွင့်လင်းမြင်သာတဲ့ တရားရုံးနဲ့ ပြည်သူရှေ့မှာတောင် စစ်ဆေးပေးရမှာ၊ အခုက သူတို့လိမ်ထားသမျှကို မဟုတ်တာလုပ်သမျှကို မပေါ်ပေါက်စေဖို့ တားမြစ်တာပဲ”လို့ အမည်မဖော်လိုသူ တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောပါတယ်။