ဖားကန့်မှာ စစ်အုပ်စုယာဉ်တန်း ၂ကြိမ်မိုင်းထိပြီး အသေအဆုံးများနိုင်

၁၁ ၊ အောက်တိုဘာလ ၊ ၂၀၂၁ ။

ဖားကန့်မြို့နယ် လဝါးကျေးရွာအနီးနဲ့ ဒွမ်ဘွန်ကျေးရွာအနီးမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ယာဉ်တန်းကို KIAက နှစ်ကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ကားအစီးရေ ၄၀ခန့်နဲ့ စစ်အင်အားတိုးချဲ့လာတဲ့ စစ်အုပ်စုကို အောက်တိုဘာလ ၁၁ရက်နေ့ မနက် ဒွမ်းဘွန်ကျေးရွာအနီးမှာ တစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ပြီးနောက် မွန်းလွဲ ၂နာရီခန့်မှာ လဝါးကျေးရွာအနီးမှာ နောက်တစ်ကြိမ် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။
 
“နေ့လည်က လဝါး ရွာထိပ်မှာ ပစ်ကြတာပေါ့။ လဝါးအကျော်နားမှာဖြစ်တာ ယာဉ်တန်းဖြတ်တဲ့အချိန် ခဏဆိုတာတဲ့ မိုင်းခွဲတာ။ တော်တော်လေးကြာအောင်ပစ်ကြတယ်။ စစ်ကောင်စီက အထိနာလောက်တယ်။ ခုလည်း စစ်ကားတွေအဲ့နားမှာရှိနေသေးတယ်။ ဒီတစ်လော ရိက္ခာလာတင်တဲ့ ကားတွေပါ။ အစီးရေက ၄၀လောက်ရှိတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။
 
မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် အကြမ်းဖက်စစ်အုပ်စုဘက်က သေဆုံးသူများစွာရှိနိုင်တယ်လို့ ဒေသခံတွေက ပြောကြားခဲ့ပြီး DNAအနေနဲ့တော့ သီးခြားအတည်ပြုချက် မရရရှိသေးပါဘူး။
 
အကြမ်းဖက်စစ်အုပ်စုက ကချင်ပြည်နယ်အတွင်းမှာ စစ်အင်အားတိုးချဲ့မှုတွေကို ဆက်တိုက်ပြုလုပ်နေပြီး တနိုင်းမြို့နယ်နဲ့ မိုးကောင်းမြို့နယ် လီဒိုလမ်းမလျှောက်မှာ ကချင်လွတ်မြောက်ရေး တပ် KIAနဲ့ မကြာခဏ တိုက်ပွဲဖြစ်ပွားနေပါတယ်။
 
Source- The 74 Media