ယူအီးအက်ဖ်အေ နေးရှင်းလိဂ်ဖလားကို ပြင်သစ်ဆွတ်ခူး

၁၁ ၊ အောက်တိုဘာလ ၊ ၂၀၂၁ ။

စပိန်အသင်းနဲ့ ပြင်သစ်အသင်းတို့ တွေ့ဆုံခဲ့ဲတဲ့ ယူအီးအက်ဖ်အေ နေးရှင်းလိဂ်ဗိုလ်လုပွဲဟာ အောင်မြင်စွာနဲ့ ပြီးဆုံးသွားခဲ့ပါတယ်။ 

၂၀၂၁ ခုနှစ်ရဲ့ ဗိုလ်လုပွဲမှာ ပြင်သစ်အသင်းက စပိန်အသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ယူပြီး သူတို့ရဲ့ ပထမဆုံး နေးရှင်းလိဂ် ဆုဖလားကြီးကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းတပိုင်းလုံး ဂိုးမရှိသရေဖြစ်ခဲ့ပေမယ့် စပိန်အသင်းရဲ့ ဦးဆောင်ဂိုးဟာ ပွဲစဉ်အတွက် အဓိက ကျခဲ့ပြီး ပြင်သစ်အသင်းက ချေပဂိုးနဲ့ အနိုင်ဂိုးကိုပါ သွင်းယူပြီး ဗိုလ်စွဲခဲ့တာပါ။

စပိန်အသင်းအတွက် သွင်းဂိုးကိုတော့ တောင်ပံနဲ့ တိုက်စစ်ကစားသမား အိုရာဇဘယ်က ပွဲကစားချိန် ၆၄ မိနစ်မှာ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ 

ပြင်သစ်အသင်းအတွက် သွင်းဂိုးတွေကိုတော့ ပွဲကစားချိန် ၆၆ မိနစ်မှာ ဘန်ဇီးမားနဲ့ ၈၀ မိနစ်မှာ အမ်ဘာပေတို့က သွင်းယူပေးခဲ့တာပါ။ 

ပွဲစဉ်အတွက် အနိုင်ဂိုးသွင်းရှင် အမ်ဘာပေကတော့ ကလပ်အသင်း အပြောင်းအရွှေ့ကိစ္စတွေနဲ့ လုံးပန်းပြီး ဖိအားတွေများခဲ့ပေမယ့် အခုဗိုလ်လုပွဲမှာတော့ ပြင်သစ်အသင်းအတွက် သူရဲကောင်းဖြစ်ခဲ့ရပါတယ်။

ဗိုလ်ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကိုတော့ ပြင်သစ် တိုက်စစ်မှူး ဘန်ဇီးမားက ရရှိခဲ့တာပါ။ 

ပြင်သစ်အသင်းဟာ ယူအီးအက်ဖ်အေ နေးရှင်းလိဂ်ဖလားအပါအဝင် ကမ္ဘာ့ဖလား ၂ ကြိမ်၊ ကွန်ဖက်ဒရေးရှင်းဖလား ၂ ကြိမ်နဲ့ ယူရိုဖလား ၂ ကြိမ်ရယူထားပါတယ်။ 

အခြားပွဲစဉ်တစ်ပွဲဖြစ်တဲ့ အီတလီအသင်းနဲ့ ဘယ်လ်ဂျီအသင်းတို့ရဲ့ တတိယလုပွဲမှာတော့ အီတလီအသင်းက ၂-၁ ဂိုးနဲ့ ဘယ်လ်ဂျီယံအသင်းကို အနိုင်ယူပြီး တတိယနေရာရရှိခဲ့ပါတယ်။ 

အီတလီအသင်းအတွက် သွင်းဂိုးတွေကို ဘာရယ်လာက ၄၆ မိနစ်မှာ သွင်းယူပြီး ဘီရာဒီက ၆၅ မိနစ်မှာ ပင်နတီကတဆင့် သွင်းယူပေးခဲ့တာပါ။ ဘယ်လ်ဂျီယံအတွက် တစ်လုံးတည်းသော ချေပဂိုးကိုတော့ ပွဲကစားချိန် ၈၆ မိနစ်မှာ ချားစ်က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။